Wednesday, May 30, 2007

ဘေးလူ -၂ - (သို့မဟုတ်) ပြတိုက်ထဲကပန်းချီကား

ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတစ်ခုကို
ဆုံးရှုံးလိုက်ရတဲ့အခါ.......

တကယ်တော့မင်းဟာ ကိုယ့်အတွက်
ပြတိုက်ထဲက ဂန္ဓ၀င်ကျော်ကြား
စိတ္တဇ ပန်းချီကားတစ်ချပ်ပါကွယ်
မင်းရှေ့မှာခြေစုံရပ်
လေးလေးစားစား ဦးညွတ်မိတဲ့ကိုယ်ပါ
မင်းကိုနားလည်ဖို့ စိတ်ဝင်တစား အဖြေရှာရင်း
ချာချာလည်ခဲ့ရတဲ့နေ့တွေလည်းများလှပြီပေါ့..


ဒါပေမယ့်လေ
ကိုယ်ဟာမင်းကိုပိုင်ဆိုင်ဖို့ဆိုတာဝေးစွ
မင်းဆီကကျလာမယ့် ဖုန်မှုန့်တစ်မှုန့်ကိုတောင်
အမြတ်တနိုးကောက်သိမ်းဖို့အရေး
(၀င်ကြေးမပေးနိုင်တဲ့နေ့တွေများဆို)
တံတိုင်းကာထားတဲ့စည်းအပြင်က
ငေးယုံသာငေးခွင့်ရခဲ့တဲ့ဘ၀ပါ
တခါတခါ ကံအခွင့်ပေးလို့လူလစ်ခိုက်မှာ
မင်းမျက်နှာကိုအသာထိတို့ကြည့်ခွင့်ရတာမျိုးများရှိခဲ့ရုံနဲ့
နှစ်သိမ့်ကျေနပ်ခဲ့ရတဲ့သူပါ..

ဒါပေမယ့်
ဒါပေမယ့်ပေါ့ကွယ်..
တန်ဖိုးကြီးတဲ့မင်းနဲ့ မတန်တရာ
ကိုယ့်ရဲ့ဂေဟာနုံချာချာထဲ
မင်းယောင်မှားဝင်လာတောင်မှ
ချိတ်ထားဖို့ကိုယ့်မှာနေရာလွတ်မရှိတော့ပါ
တော်မ၀င် မကျော်ကြားပေမယ့်
ကိုယ့်ရဲ့အသက်လိုတန်ဖိုးထား
ကိုယ်ပိုင်လက်ရှိပန်းချီကားနေရာမှာလည်း
ဘယ်လိုမှပြောင်းလဲ မချိတ်ဆွဲနိုင်တာ...

အဲဒီလို..
(ပိုင်ဆိုင်ချင်မှုဆိုတာတွေနဲ့ ကင်းလွတ်တဲ့)
သီးသန့်ရင်ခုန်သံတွေကြား
ညင်ညင်သာသာလေးခံစားနေမိခိုက်
မင်းကိုသော့ခတ်အပိုင်သိမ်းထားမယ့်သူပေါ်လာ
အဝေးကတောင်မြင်ခွင့်မရတော့မှာ..တဲ့..

မထိုက်တန်တဲ့ပိုင်ရှင်ဖြစ်မှာပူမိတာ
ကိုယ့်နဲ့ဘာဆိုင်လို့လဲ...
ပြတိုက်ထဲမှာပဲမင်းကိုရှိနေစေချင်တာ
ကိုယ့်ရဲ့အတ္တလား...
အနုပညာမြောက်ပန်းချီကားဆိုတာ..
ကမ္ဘာပေါ်မှာ ဒီတစ်ကားထဲရှိတာမို့လား..

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွယ်..
.....
ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတစ်ခုဖြစ်ပေမယ့်
ဆုံးရှုံးလိုက်ရတဲ့အခါ.......
...
...
...
အ ကြာ ကြီး ၀မ်း နည်း မိ ဦး မှာ..။ ။


ပန်ဒိုရာ (၁၉ ဒီဇင်ဘာ ၂၀၀၅။ ၂၂း၂၀ နာရီ)

No comments: