သူငယ်ချင်းရေ ...
ဥသြငှက်ငယ်ရဲ့
တေးသွားတွေနဲ့အတူ
ဝေ့၀ဲကျလာတဲ့ …
ရော်တမာတွေကို နှမျောတသ ငေးကြည့်ပြီးတော့
ဝမ်းနည်းစကားတွေဆိုကြရင်း
ဂီတရစ်သမ်တွေ သီကြူးခဲ့ဖူးတဲ့
တမာနံ့သင်း လမ်းကလေးနဲ့ …
ထနောင်း၊ တမာ၊ ဆူးဖြူဖြာယှက်
အမေ့ရင်ခွင့်ထက်မှာ
ပျော်ခဲ့ဖူးတဲ့ အချိန်တွေကို
မင်းသတိရသေးရဲ့လား…
သူငယ်ချင်းရေ …
မိုးရနံ့နဲ့
စိမ်းလန်းသစ်လွင်နေတဲ့
အမေ့ရင်ခွင်ထက်မှာ
အားသစ်တွေမွေးဖွား
ဘ၀အတွက် ..
ပညာနို့ရည်တွေ သောက်စို့ကြချိန်
မိုးစက်ပွင့်တွေကြားမှာ
တွဲလက်မဖြုတ်တမ်း လမ်းလျှောက်ကြရင်း
ကျောက်ကာလမ်းလေး တိုလွန်းတယ်လို့
မင်းပြောခဲ့ဘူးတာကို
သတိရသေးရဲ့လား …
သူငယ်ချင်းရေ ...
ခုချိန်မှာဆို
တို့ ခြေရာချင်းထပ်နေခဲ့တဲ့
တမာစီလမ်းလေးပေါ်မှာ
နှင်းဖွဲဖွဲလေးတွေ ဝေ့၀ဲလို့ပေါ့…
အတန်းမပြီးခင်
ကန်တင်း(န်)ကို ခိုးလစ်ပြီး
ကော်ဖီပူပူ အငမ်းမရ သောက်ခဲ့ကြတဲ့
အတိတ်က ဆောင်းနံနက်တွေကိုရော
မင်းသတိရသေးရဲ့လား….
သူငယ်ချင်းရေ …
ခင်တွယ်ရာ အဖော်မရှာပဲ
တူညီစွာ လွတ်လပ်ခဲ့တဲ့ တို့တစ်စု
ကဗျာတွေရေးကြ
ဘ၀၊ ဒဿန ဆိုတာတွေကို
စားပွဲထိုး ကောင်လေးတွေ ညိုငြင်လောက်အောင်
ရေနွေးကြမ်းတွေသောက်ရင်း ဆွေးနွေးကြနဲ့
တီးဆိုင်က ခုံပုလေးတွေကို ချစ်တတ်ကြလွန်းတာများ
အတန်းထဲက ကောင်မလေးတွေ ဟားကြတဲ့အထိပါပဲ….......
ဒါတွေကို မင်းအမှတ်ရသေးရဲ့လား ….
သူငယ်ချင်းရေ …
အမေ့ရင်ခွင်က ခွာထွက်ပြီး
တမာလမ်းပေါ်က ရော်ဝါတွေလို
(တို့တစ်တွေ)
တစ်နေရာဆီကို လွှင့်နေရချိန်မှာ
အတိတ်ခြေရာတွေက တမ်းတဖွယ်ဖြစ်နေတာကို
ကဗျာတွေနဲ့ အလွမ်းဖြေနေရင်းက
ပြန်မရတော့တဲ့အချိန်တွေ အတွေးရောက်တိုင်း
ရင်ခွင်ကို လှိုင်းခတ်နာကျင်စေခဲ့တယ်…….။
Showing posts with label ညလေး. Show all posts
Showing posts with label ညလေး. Show all posts
Tuesday, May 15, 2007
အမေ (သို့) ငါ့ရဲ့ တမ်းချင်း
Posted by
အိမ့်ချမ်းမြေ့
at
7:19 PM
0
comments
Labels: ညေလး
Subscribe to:
Posts (Atom)