Showing posts with label ကိုဒီဝိုင်း. Show all posts
Showing posts with label ကိုဒီဝိုင်း. Show all posts

Sunday, August 5, 2007

မိုး

တဖြောက်ဖြောက်နဲ့ …..

မသိစိတ်ထဲ သူမဝင်ရောက်ခဲ့၊

အစက်အပျောက်တွေကြား

ငါ့..ခန္ဓာ ပျောက်ဆုံးခဲ့တယ်။

တိမ်ငိုသံလား….

သဘာဝရှိုက်သံလား…

သေချာတာက

ငါကိုယ်တိုင် ရွာချလိုက်မိတယ်။


လွမ်းစရာမရှိတဲ့ ဘဝမှာ

လွမ်းခွင့်မပေးသူကိုဘဲ

မိုးစက်တွေနဲ့အတူ

အဖြူထည်ပဲလွမ်းတယ်။


မိုးရွာရင် အရင်ကဆိုပျော်မြူး

အခုတော့ ငါ့နှလုံးသားစူးခနဲ၊

ကောင်မလေးရယ်….

မိုးရေထဲမှာငါ…

မရူးပါရစေနဲ့။

မိုးရွာလို့ ပျော်နေသူတွေရှိသလို၊

ထီးမပါလို့ ငိုချင်သူတွေလည်းရှိမယ်။

သေချာတာက

ငါ့လိုပဲ

သူဘာသူ စီးဆင်းနေမှာ။


မိုးရေထဲမှာ….

ဘဝနဲ့ ဖက်နေသူတွေရှိသလို၊

ယစ်မူးခြင်းနဲ့ ဖက်နေသူတွေလည်းရှိတယ်။

ငါကတော့….

မျှော်လင့်ခြင်းဆိုတာပဲ ဖက်တွယ်နေမိရဲ့။


မိုးရွာလို့ပွင့်တဲ့ပန်း၊

မိုးရေထဲမှာပဲ

ရင်ဘတ်တစ်စုံနဲ့…..

သူမကို

ပန်ပေးလိုက်ချင်တယ်။ ။

ဆက်ဖတ်ရန်...

Tuesday, July 31, 2007

လေထဲက လရိပ်

မနေ့ညကပေါ့… သူမနဲ့အတူ

မြို့ပြရဲ့လမ်းတွေပေါ် လျှောက်သွားတယ်

အိမ်ပြန်ချိန်

လကလည်းသာလို့….

ဒါပေမယ့် လေထဲမှာလေ။


အသံသာလေးရယ်…

ငါတိမ်းညွတ်နေလို့ပါ

မီးဆိုလည်း ငါဝင်တိုးတော့မယ်

တစ်ဘဝစာ

လောင်ကျွမ်း ပြာကျ….

ငါ ပျောက်ဆုံးသွားမှအေးမယ်။


မသိစိတ်က မဖြစ်နိုင်မှန်းသိနေလည်း

ငါ အတိတ်မေ့ချင်ခဲ့တဲ့ကောင်ပါ

အိပ်ချင်တဲ့နေရာဟာ ငါ့မွေ့ယာပဲပေါ့။


ဘာကိုမှဂရုမစိုက်တတ်တဲ့ကောင်

လေထဲကအနမ်းတွေတောင် လိုက်ဖမ်းနေတတ်ပြီ။

ဒါနဲ့ဆို အားလုံးပေါင်းနှစ်ပွင့်သော အနမ်း

ဒီရင်မှာ နွမ်းနေရပြီ။


ဒီလိုနဲ့ပဲ

လေထဲကလရိပ် ကိုဖမ်းတဲ့

ငါ…

ခေတ်သစ် ငမိုက်သားလား?

ဆက်ဖတ်ရန်...

Monday, May 14, 2007

မင်းနဲ့ငါ

မင်းကအနောက်အရပ်ဆို

ငါကအရှေ့အရပ် ဒီလိုနဲ့

တို့နှစ်ယောက်ဘဝ

ဒီမြေပေါ်မှာတင်

နေထွက်နေဝင် လွဲခဲ့တာကြာပြီ။

ငါလက်နှစ်ဘက် ဆန့်ထုတ်ထားလည်း

ရွှေလင်ဗန်းက ရောက်မလာဘူး..

ဝိုင်တစ်ခွက် ဂစ်တာတစ်လက်နဲ့ပဲ

အရုဏ်တက်တော့မယ်။


မင်းပြိုမှာကြောက်တဲ့ “ငါ”

ယုန်တစ်ကောင်ပါ

မင်း မငြိုလိုက်ပါနဲ့၊

ငါ့ညမှာတော့

ကဝေသံညံနေတုန်းပဲ။

ဆက်ဖတ်ရန်...

အမှတ်တမဲ့

မှော်ဝင်တဲ့ ကြယ်စင်

သင့်ထံကို မြားတစ်စင်းပစ်လိုက်တယ်

ငါ့ကောင်းကင် လင်းလိုလင်းငြား။


အက်နေတဲ့ ရင်ခွင်မြစ်

သင့်ထံကို သံစဉ်လောင်းထည့်လိုက်တယ်

ငါ့ဝိဥာဉ် နိုးလိုနိုးငြား။


ဒဏ်ရာရ လွမ်းသစ်ပင်

သင့်ထံကို နေခြည်သွန်းလင်းလိုက်တယ်

ငါ့ရင်ခွင် ရှင်လိုရှင်ငြား။

ဆက်ဖတ်ရန်...

ဘူတာနဲ့ ရထား

တစ်စင်းပြီးတစ်စင်း

ဆိုက်ကပ်

ထွက်ခွာ

သြော်…..

ငါ့ဘူတာအိုတောင်

အသက်ရနေပြီ။

မင်းကတော့ ပြေးလွှားဆဲ

ဘူတာတွေ့တိုင်း ဆိုက်မယ်ဆိုတဲ့

အတွေးနဲ့....


ကပ်ချင်ကပ် ခွာချင်ခွာ

အားလုံးမင်းသဘောပါ

ဒါပေမယ့်

ငါ့အဖြူရောင် ဘူတာ

မစွန်းထင်းပါစေနဲ့။


အတိတ်၊

ပစ္စုပ္ပန်၊

အနာဂတ်၊

အနိုင်၊ အရှုံး

အားလုံး ဒီသံလမ်းပေါ်မှာပြေးလွှား

မျက်လှည့်ပြသလိုပါလား....


မင်းနောက်ကျောမှာ

မှတ်တိုင်တွေ ကြက်ခြေခတ်တွေချန်ခဲ့

အချိန်တန်ရင်တော အေးမြတဲ့ဘူတာမှာ

မင်း...မှေးစက်နိုင်ပါစေ။


အဆုံးမရှိတဲ့

ဒီမျဉ်းပြိုင်တွေပေါ်မှာ

ဝိဥာဉ်မခမ်းသရွေ့

ဆက်ခုတ်နေဦးပေါ့။

ဆက်ဖတ်ရန်...