Friday, April 22, 2016

မိတော၏မုန့်လုံးရေပေါ်

မိတော.. မုန့်လုံးရေပေါ်လုပ်စားဖြစ်တယ်။
မုန့်လုံးတာတောင် ရည်ရွယ်ချက်အကြီးကြီးထားတယ်။

ဂျူနီယာတောလေးကို ယဉ်ကျေးမှုသင်ပေးမယ်၊ အမျိုးတွေကို နှစ်သစ်ကူးမုန့်လုံးရေပေါ်ဝေမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့။

တစ်ကယ်တော့...
သင်ပေးရအောင်လည်း မိတောကိုယ်တိုင်ကခုမှ လုံးဖူးတယ်။ ဆန်မှုန့် နဲ့ ကောက်ညှင်းဆန်မှုန့်က ၁:၄။ ဆားလေးထည့်နယ်တယ်။ ဟုတ်ပြီဆိုပြီး ရေတွေလောင်းချလိုက်တာ ရေတောင်ကူးလို့ရမလိုဖြစ်သွားလို့ အမှုန့်တွေထပ်ထည့်ရတယ်။

ညကလည်း စူပါစတိုးမှာ ထန်းလျက်အရှာထွက်တာမတွေ့လာလို့
ထန်း လျက်အစား ချော့ကလက်အဖြူသုံးမယ်ပြင်တယ်။ ကိုရင်က ထန်းလျက်မရရအောင်ရှာပေးမယ်ဆိုပြီး
မနက်အစောကြီးထဲက ထန်းလျက်အရှာထွက်တယ်။ ဒီမြို့မှာရှိသမျှ ကုလားဆိုင်ကုန်လေပြီလားတောင် မသိ။
ပြန်ရောက်လာတော့ ထန်းလျက်အစား
ကြံသကာတွေ ရလာတယ်။ မိတောမိခင်ကြီးကတော့
သူဝယ်နေကျဆိုင်မှာ အတုံးကြီးတွေလိုက်ကိုရှိတယ်ပြောတယ်။ မည်သို့ပင်ဖြစ်စေ.. မိတော၊ ဂျူနီယာတောနှစ်ယောက်လုံးရဲ့ မျက်နှာ၊ နဖူး၊ ဆံပင်၊ အကျီ်တွေမှာ.. ဆန်မှုန့်တွေပေပြီး မီးဖိုကြီးတစ်ခုလုံးလည်း ဖွေးဖွေးလှုပ်။ ထန်းလျှက်အရှာထွက်သွားတဲ့ ကိုရင်ပြန်အရောက်.. မီးဖိုထဲဘယ်က မျောက်ဖြူနှစ်ကောင်ရောက်နေလဲ ဆိုတဲ့ပုံနဲ့ တစ်ချက် မှင်တက်သွားတယ်။

အရေးထဲ..
ဂျူနီယာသာအေးက လက်မဆေးဘဲ မုန့်ငါးလုံး ဝင်လုံးပေးပြီး ထင်ထားသလောက်
စိတ်ဝင်စားစရာမကောင်းဘူးလို့
ဆိုပြီး ခပ်တည်တည်နဲ့ ထွက်သွားတယ်။

သုံးနာရီကြာသွားတယ်။ မုန့်နယ်ရတဲ့လက်ကော၊ ရပ်ရတဲ့ခြေထောက်တွေပါ နာကျင်ကိုက်ခဲခြင်း ဝေဒနာခံစားရအပြီး၊ မုန့်လုံးလှလှလေးတွေထွက်လာအပြီး အိပ်ရာထဲလဲချိန် ညီမတော်တောက ညနေမှာ The jungle book သွားကြည့်မယ်ဆိုလာတယ်။
မခံနိုင်တော့ဘူး.. မလိုက်နိုင်တော့ဘူးဆိုပေမယ့် အိမ်ဖုန်းခေါ်လိုက်၊ ဟန်းဖုန်းခေါ်လိုက်နဲ့ ကလေးတွေကိုအကြောင်းပြပြီး ကလေးရုပ်ရှင်တွေ အလွန်ကြိုက်သော ညီမတော်တောက မလိုက်ချင်နေ.. ကလေးတွေခေါ်သွားမယ်ဆိုလာလို့
ခဏလေးတော့အိပ်ခွင်ု့ပြုပါတောင်းပန်။ နိုးတော့ ရေအမြန်ချိုး ... ရုပ်ရှင်ရုံကိုပြေးဖို့ပြင်တယ်။
ကိုရင်ကတော့ ချော့ကလက်ဖြူနဲ့လုပ်တဲ့ မုန့်လုံးရေပေါ်နဲ့ ကြံသကာနဲ့လုပ်တဲ့ မုန့်လုံးရေပေါ်၊ ဆားထည့်နယ်တဲ့မုန့်နှစ်နဲ့ ဆားမပါတဲ့မုန့်နှစ်၊ ဗစ်နစ်လာထည့်တာနဲ့မထည့်တာ...ဘယ်ဟာပိုကောင်းလဲ မြည်းပေးလိုက်ရတာမှာ ထမင်းတောင်မစားနိုင်တော့ဘဲ.. ဗိုက်လေးပြီး အိပ်ပျော်နေချိန်...
ရုပ်ရှင်ရုံသွားကြဖို့ အောက်ဆင်းအလာ အဆင်သင့်ဖြစ်နေတဲ့ ဂျူနီယာသာအေးက မုန့်လုံးရေပေါ်တွေကို သေချာပန်းကန်ထဲထည့် အုန်သီးခြစ်ဖြူးပြီး ကျကျနနစားနေတော့.. မိတောဝမ်းသာမိပြီး ကြိုက်လားမေး။ အရမ်းကြိုက်တယ်မေမေဆိုသော သူ့ပန်းကန်ထဲအကြည့် မုန့်လုံးရေပေါ်ထဲက ကြံသကာတွေနဲ့ ချော့ကလက်အဖြူတွေကို အကုန်ဖောက်ထုတ်ပြီး ပန်းကန်ပတ်လည်တန်းစီဖယ်ထားကာ မုန့်ဖြူသားချည်းစားနေတာကို တွေ့ရတော့တယ်။

မိတောလည်း.. မုန့်ုဖြူချည်းပဲလုံးပြီးပြုတ်ကျွေးတာ အကုန်သက်သာမည်တွေးမိလိုက်သေးတယ်။
အမျိုးတွေကို မုန့်ဝေမယ့် အစီစဉ်ပျက်သွားပေမယ့် မိခင်ကြီးကိုတော့ ဝင်ပေးဖြစ်တယ်။ ဘယ်လိုလည်း ကောင်းလားဟင်မေမေလို့.. ပထမဆုံးလုပ်တဲ့ မုန့်လုံးရေပေါ်လေးကို ဂုဏ်ယူပြီးမေးမိတယ်။

'သမီးမုန့်လုံးရေပေါ်လား.. ..
အင်း.....
...........
မုန့်လုံးရေပေါ်အတိုင်းပဲလေ..'

မိခင်ကြီးက ဆိုတယ်။ သူ့အဖြေကြောင့် ရယ်ရမလို ငိုရမလိုလိုဖြစ်သွားလို့ ရုပ်ရှင်ရုံဘက်ပဲ ဆက်ထွက်ခဲ့တယ်။

Kipling ရဲ့
The jungle book ပထမဆုံးရုံတင်တဲ့နေ့မို့ တန်းစီရတယ်။ တစ်ခါမှ မကြုံဖူးလို့ အံသြမိတယ်။ မြင်မြင်သမျှ ကလေးတွေချည်းပဲ။
သို့ပေမယ့် ညီမတော်တောလို ကလေးကားကြိုက်တဲ့ အသက် ၆၀ကျော် လူကြီးတွေလည်း တန်းစီနေတာတွေ့ရတယ်။ ညီမတော်တောက တောင်ဝှေးအရွယ် ရောက်ရင်တောင် ဒီလိုကားတွေလာကြည့်နေဦးမှာပဲဆိုတယ်။ မိတောလည်း အေလီယံကားတွေကို တောင်ဝှေးနဲ့အရွယ်ရောက်တဲ့အထိ လာကြည့်နေဦးမှာလို့ အားကျမခံပြန်ပြောလိုက်တယ်။
ရုံထဲရောက်တော့ အားလုံးတန်းစီထိုင်၊ မိတောဘက်မှာ လေးယောက်စာခုံလွတ်တယ်။
ညာဘက်မှာဂျူနီယာသာအေးထိုင်နေတယ်။ ခုံလွတ်မှာ ၁၀နှစ်အရွယ် ကလေးတစ်ယောက် လာထိုင်တယ်။
ကလေးတွေလန့်မလားတွေးမိလို့..
ကျားတွေ၊ ခြသေ့်တွေနဲ့ ကြောက်ရင် မေမေ့လက်ကို ကိုင်ထားနော်လို့ ဂျူနီယာသာအေးကိုပြောပြီး ငိုက်ဖို့ပြင်တယ်။


တစ်ကယ်တမ်းရုပ်ရှင်ပြတဲ့အခါ..
Kipling စာရေးတော်တာကော၊ ရိုက်တဲ့သူတွေတော်လွန်းတာကော ငိုက်ဖို့ပြင်တဲ့ မိတောမှာ ငိုက်ဖို့အခွင့်ရေး လုံးဝ မရလိုက်ဘူး။ thriller ကားတွေထက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေတာမို့.. ကြောက်ရင်မေမေ့လက်ကိုင်ထားနော်လို့ ပြောထားတဲ့ မိတောမှာ..
Shere Khan တစ်ချက်ဟိန်းလိုက်တိုင်း တုန်တုန်သွားလို့
ဂျူနီယာသာအေးရဲ့လက်ကို အားကိုးတကြီးဆုပ်ကိုင်ထားရတယ်။ ဘေးက ကလေးကို လှမ်းကြည့်တော့လည်း အေးအေးဆေးဆေးပဲ။
ဂျူနီယာကလည်း လက်ကိုအကိုင်မခံ ရုန်းနေလို့ ကိုယ့်ပိုက်ဆံအိတ်ကြိုးကို ကိုယ်ကိုင်ထားရတယ်။
ရုပ်ရှင်အပြီးမတော့...
တစ်နေကုန်မုန့်လုံးထားတဲ့ ဒဏ်ရယ်...
Kipling ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရုပ်ရှင်ကြောင့်ရယ်.. Shere Khan မျက်နှာကြီးကို မြင်ယောင်နေပြီး
မိတောမှာ အိမ်ကိုမနည်းကားမောင်းပြီး ပြန်ခဲ့ရပါတော့တယ်။


အိမ့်ချမ်းမြေ့

ဆက်ဖတ်ရန်...

Sunday, August 19, 2007

သွေးဆာတဲ့ပန်း…


ပြတင်းတံခါးကို ခဏလောက်ပိတ်ထားပေးပါ
စိတ်တွေနယ်လွန်နေလို့
ငါမွှန်ထူနေခဲ့ပြီလား
ရင်ထဲမှာထင့်ခနဲဖြစ်
မျက်လုံးကိုဖွင့်ကြည့်တော့
ငါ့ရဲ့ ဖြူစင်မှုတွေ ငါ့ရှေ့မှာ ခေါင်းငုံ့နေကြတယ်…




အလင်းများကို ခဏလောက် ရုပ်သိမ်းပေးပါ
မျက်လုံးစိမ်းတွေကို ရင်မဆိုင်ရဲလို့
ငါယိုင်နဲ့နေခဲ့ပြီလား
အတ္တတွေအလန့်တကြားဖြစ်
ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်တော့
ငါ့ရဲ့အလွမ်းတွေ ငါ့ရှေ့မှာ ပြန့်ကြဲနေကြတယ်…



ချစ်ခြင်းတရားတွေ ခဏလောက်မျှဝေပေးပါ
ငါနေရမှာ တိုတောင်းလွန်းလို့
ကွန်းခိုရာပျောက်ဆုံးနေခဲ့ပြီလား
အရှုံးတွေနဲ့ ငါကျန်ရစ်
မှန်ထဲမှာ ငါ့ကိုယ်ငါပြန်ကြည့်ဖြစ်တော့
ငါ့ရဲ့ နှလုံးသားမှာ သွေးစွန်းနေတယ်



စာနာမှုတွေ ခဏလောက်ရှေ့တန်းတင်ပေးပါ
ဘ၀င်မကျနိုင်လွန်းလို့
ပြိုင်ဆိုင်မှုတွေနဲ့ အချစ်ကိုအရောင်ဆိုးချင်တာလား
ရိုးရိုးလေးနဲ့ပဲ ထားခဲ့ပါအချစ်
အားနာတယ်ဆိုတဲ့ စကားလေးတောင် မပြောခဲ့နဲ့နော်
မင်းရဲ့ဘ၀အမောတွေ တဒင်္ဂချွေးသိပ်နိုင်ဖို့
နီစွေးနေတဲ့ ငါ့နှလုံးသားထဲက အနမ်းပန်းလေးတွေ ကြဲချခဲ့မယ်
ရှေ့ဆက်လန်းဆန်းပါစေ ပန်းလေးတစ်ပွင့်ရယ်…





ဆက်ဖတ်ရန်...

Thursday, August 9, 2007

လမင်းကိုစိတ်ကောက်တဲ့ည...



ဆည်းလည်းသံ ညင်သာနဲ့
နံရံပေါ်မှာ အရိပ်တစ်ချို့ကလို့ခုန်
အိပ်မှုန်စုံဖွားဖြစ်နေတဲ့ ငါ့မျက်လုံးကို ပွတ်သပ်ရင်း
ကပျာကယာ ပြုံးပြလိုက်တော့
စေ့ဟထားတဲ့ တံခါးပေါက်ကနေ လှစ်ခနဲ
အချစ်ပြေးထွက်သွားခဲ့တယ်
ဒီည လမင်းကို ငါစိတ်ကောက်မိတယ်…

ဆက်ဖတ်ရန်...

Sunday, August 5, 2007

မိုး

တဖြောက်ဖြောက်နဲ့ …..

မသိစိတ်ထဲ သူမဝင်ရောက်ခဲ့၊

အစက်အပျောက်တွေကြား

ငါ့..ခန္ဓာ ပျောက်ဆုံးခဲ့တယ်။

တိမ်ငိုသံလား….

သဘာဝရှိုက်သံလား…

သေချာတာက

ငါကိုယ်တိုင် ရွာချလိုက်မိတယ်။


လွမ်းစရာမရှိတဲ့ ဘဝမှာ

လွမ်းခွင့်မပေးသူကိုဘဲ

မိုးစက်တွေနဲ့အတူ

အဖြူထည်ပဲလွမ်းတယ်။


မိုးရွာရင် အရင်ကဆိုပျော်မြူး

အခုတော့ ငါ့နှလုံးသားစူးခနဲ၊

ကောင်မလေးရယ်….

မိုးရေထဲမှာငါ…

မရူးပါရစေနဲ့။

မိုးရွာလို့ ပျော်နေသူတွေရှိသလို၊

ထီးမပါလို့ ငိုချင်သူတွေလည်းရှိမယ်။

သေချာတာက

ငါ့လိုပဲ

သူဘာသူ စီးဆင်းနေမှာ။


မိုးရေထဲမှာ….

ဘဝနဲ့ ဖက်နေသူတွေရှိသလို၊

ယစ်မူးခြင်းနဲ့ ဖက်နေသူတွေလည်းရှိတယ်။

ငါကတော့….

မျှော်လင့်ခြင်းဆိုတာပဲ ဖက်တွယ်နေမိရဲ့။


မိုးရွာလို့ပွင့်တဲ့ပန်း၊

မိုးရေထဲမှာပဲ

ရင်ဘတ်တစ်စုံနဲ့…..

သူမကို

ပန်ပေးလိုက်ချင်တယ်။ ။

ဆက်ဖတ်ရန်...

အထက်တန်းကျတဲ့ ဘလော့ဂါ

အမှန်တွေပါကွယ်
ဘလော့ဂါဆိုတာ နည်းပညာရဲ့
သန္ဓေသားပေါ့
ခံစားချက်တော့ရှိတယ်
မာယာကို သိတယ်
ညာတာကိုလည်း သိတယ်
ရှိချင်တဲ့နေရာမှာ ရှိနေကြတယ်
သိချင်တာတွေကို သိနေကြတယ်
ငြိချင်ရင်လည်း ငြိကြဦးမယ်
ပြီးတော့လည်း

ကိုယ်သိတာ ကိုယ်တင်ပြ
ညတွေ နေ့တွေရှိမနေကြပါဘူး
အထူးအဆန်းပဲဖြစ်ဖြစ်
အရူးအနှမ်းပဲဖြစ်ဖြစ်
ချစ်စွာသော ပရိတ်သတ်အတွက်
အခက်အခဲများကြား
ကြိုးစားပမ်းစား တင်ဆက်လို့ထားကြပေါ့
အလကားမတ်တင်း ပြသထားတော့
အပေါစားလို့လဲ ထင်ကြပြန်မယ်
တောသားဟန်နဲ့ လာမလည်ကြနဲ့
ရိုးသားတဲ့ ဘလော့ဂါဆီကနေ ခိုးခိုးမသွားကြနဲ့
နည်းနည်းဖြစ်ဖြစ် အားနာရစ်ကြပါ .. ။ (ကိုဖြိုး)

ဘလော့ဂါရဲ့ အတ္တ
ခင်ဗျားတို့ သိချင်မှလည်း သိမယ်
သူ့ဆီကိုလာ ခွင့်ပြုထားရင်
လိုရာယူသွား
အငြင်းမပွားဘူး
အချင်းလည်းမများဘူး
သူစဉ်းစားနေတာက
သူ့ရင်တွင်းက စေတနာ
စော်ကားသွားတာ ရင်နာစရာ
လူချင်းမတွေ့ အွန်လိုင်းပေါ်မှာ
ငါလုပ်တာတွေ မသိနိုင်ပါဘူး
ဒီလို ဒီလို အရူးတစ်ချို့
မနှစ်မြို့စရာ
ဟိုမှာ ဒီမှာ
ရောနှောလာတဲ့အခါ
ကိုယ့်လမ်း ကိုယ်လှမ်း
လျှောက်လိုက်စမ်းပါဗျာ
ခွေးဟောင်တိုင်းသာ ရွေ့ရပါမူ
ဘယ်မှာ တောင်ကုန်း ရှိလိမ့်မတုန်း (ကိုမျက်လုံး)

ဘလော့ဂါ ရဲ့မှတ်တမ်းမှာ
အရောင်ဆိုတာရှိခဲ့ရင်
ဦးနှောက်ဆဲလ်တွေဖောက်ထုတ်
စနစ် သွေလွဲတဲ့
အသစ်တွေပဲ ကျန်ခဲ့မယ်..
အကြမ်း အရမ်း အလွမ်းများနဲ့
ခမ်းခမ်းနားနားရှိချင်မှရှိမယ်
ဆန်းပြားဖို့မလို
ကာရန်မချို
စာသံပေသံမပို
ကာလံဒေသံမလိုက်
(ဘယ်သူ) ကြိုက်ကြိုက်မကြိုက်ကြိုက်
အလိုက်အထိုက် ရွက်မလွှင့်
ဥာဏ်စဉ်မြင့်တဲ့တရားမှာ
စိတ်တွေကို ကိုယ်တိုင်နာတော့
ရင်ဘတ်ဆိုတာ တစ်ခုတည်းရှိတယ်
အဲဒီ .. ရင်ဘတ်က ရိုက်မောင်းလိုက်တဲ့
ဘလော့ကျောင်းဝင်းထဲမှာ
ဘလော့မြင်းကိုစီး
ကိုယ့်ခရီးကိုယ်နှင်ကြတော့
လမ်းကဖြင့် အရှည်ကြီးရယ်.. (မပန်ဒိုရာ)

အဲ့လိုနဲ့ပဲ...
ငါတို့ ဘလော့ကြတယ်
တချို့တွေက ဖိုင်ဘာအော့ပတစ်ကို ဖင်ခုထိုင်လို့
တချို့ကတော့ စိတ်တွေကို ဆွဲဆန့်လို့
ဖြစ်နိုင်ပါတယ်
ထရိုဂျင်မြင်းရုပ်ကြီးစီးပြီးလည်း ဘလော့ကြတယ်။
တခါတခါ …
ငါမှန်ပြီး မင်းမှားတာကိုပြောဖို့အတွက်
မိုးတစ်လုံး
ပြီးတော့လည်း လေတစ်လုံးနဲ့
ဘလော့ကြတယ်..
ဘာပဲပြောပြောပေါ့လေ..
ဒါဘ၀င်လေဟပ်တာ မဟုတ်ဘူး
တခါတလေတော့
ဟုတ်မိချင်လည်း ဟုတ်မိမယ်.
ဒါပေမဲ့ ငါတို့တတွေ
ရန်ဖြစ်ပြီးရင်လည်း ပြန်ချစ်ကြတယ်.
သီအိုရီတစ်ခုလို ပြောရရင်
ရိုးသားမှုဟာ အောက်တန်းမကျဘူး
ယုတ္တိဗေဒနဲ့ ပြောကြပါစို့
အောက်တန်းမကျတဲ့စာတွေမို့လို့
အထက်တန်းကျတယ်..
ယုံချင်ယုံမယုံချင်နေလေ
ကြေးစား ရေးသားနေတာ မဟုတ်တော့လည်း
ရင်ဘတ်တွေနဲ့ပဲ တွေးပြီး ဘလော့ရေးကြတယ်...။ (Anonymous)

ဘလော့ဂါတွေရဲ့ မှတ်တမ်းမှာ
အတ္တမဲ့တဲ့ စေတနာတွေလဲပါတယ်
အတ္တတွေနဲ့ စီးချင်းထိုးတဲ့
အသိတရားတွေရဲ့ ဗျူဟာလဲပါတယ်
ရည်ရွယ်ချက်တွေ ကြီးမားစွာမပါတဲ့
ပေါ့ပေါ့ပါးပါး စိတ်ဖြေစရာတွေလဲပါတယ်
အတ္တတွေနဲ့ ပြည့်သိပ်နေတဲ့
မြည်းချင်စရာတွေလဲ ပါချင်ပါလိမ့်ဦးမယ်
အတ္တတွေကို ၀ှက်ကွယ်ထားတဲ့
သူယောင်သီးတွေလဲ ပါချင်ပါလိမ့်ဦးမယ်
ယူတတ်သူရတဲ့ ဟောဒီလောကမှာ
အသိဉာဏ် တိုးစရာတွေလဲရှိရဲ့
သံဝေဂ ယူစရာများလည်း ငြိခဲ့
(ပျော်ပျော်ပါးပါး ပါပဲ)
ဘလော့ဂါတွေရဲ့ လောကမှာတော့
မယူတတ်ကြသူတွေက ကမ်းတဲ့လက်ကို ပုတ်ချကြလဲ
အမိုက်အမဲပဲမို့ သနားလိုက်ကြတာပေါ့ကွယ်
ယူတတ်သူတွေရဲ့ အားပေးစကား
အားဆေးလိုစားလို့ အားမွေးလိုက်ကြတာပေါ့ကွယ်
ကိုယ်လိပ်ပြာကိုယ်လုံလို့ကတော့
(ငါတို့ဟာ .. ) စစ်ကိုင်းပဲရောက်ရောက်
ငါ့မြင်းငါ စိုင်း လိုက်စမ်းမယ် (ဟိုင်း!!!) (ခွန်မြလှိုင်)

ဘလော့ဂ်ဆိုတာ.....
ဘာလဲလို့
ရှင်းပြမနေပါဘူး
သုံးဖူးရင် သိလိမ့်မယ်
ဘလော့ဂါဆိုတာကတော့
ဘလော့ဂ်ရေးသူကို မှာပေါ့
လူပြိန်းတွေကတော့တွေးကြမယ်....။
ဘလော့ဂါတွေရဲ့ အတွေးထဲမှာ
ကောင်းတာတွေ စဉ်းစားထားတယ်
မကောင်းတာလဲ ပါချင်ပါမယ်...
အတ္တတစ်ချို့ ရောလို့ထားတယ်
လောင်မြိုက်နေတဲ့ ဒေါသများလဲရှိမယ်
တစ်ခါတစ်လေ သည်းခံ
တစ်ခါတစ်လေ ရန်ဖြစ်
ဒါတွေဟာ ဘ၀ဇာတ်ခုံတစ်ဖြစ်လဲ
ဘလော့ဂ်ဇာတ်ရုံပါပဲ...။
တစ်ခါတစ်ခါ
တိုးတိုးကြိတ်ကြိတ်ကြည့်ပြီး
ရိုးတိုးရိပ်တိတ် လာပြောသွားမယ်
ရန်စတာလဲ ခံရနိုင်တယ်
ကြိတ်ကြိတ်တိုးနေ့တွေ ရှိသလို
ကိုယ်တစ်ယောက်တည်း
ငေါင်တောင်တောင် ရက်တွေလည်း
မနည်းခဲ့ဘူးကွယ်..။
ဝေဖန်မှုတွေလဲ ပါချင်ပါမယ်
ချီးမွမ်းသံတွေ လိုသလောက် ရချင်မှလဲရမယ်
ဘလော့ဂ်ဆိုတာ ဘာလဲ
လာမမေးကြပါနဲ့
လုပ်ကြည့်ပါ အဖြေသိလာလိမ့်မယ် ... ကွယ်။ (ညလေး)

ဘလောဂ့်တဲ့.. ငါ့အတွက်တော့
သံယောဇဉ်ရစ်ပတ်
(ဒီ) အထပ်ထပ်ကွန်ရက်ထဲ
နေ့ ည မှားနေသူများနဲ့မိတ်ဖွဲ့ ရင်း ..
ဖလှယ်သော အတွေးအခေါ်တွေ
မျှဝေသော အသိပညာတွေ
စာနာသော ခံစားချက်တွေ
နူးညံ့သော ခင်မင်တွယ်တာခြင်းတွေ
လွတ်လပ်သော ခံယူချက်တွေနဲ့
အချိန်တွေနောက်ပြေးလိုက်ရင်း
ရင်တွင်းတွယ်ငြိ ဤဘလောဂ့်လောကရှိ
ဘလောဂါ့ရောင်းရင်းများနှင့်
ငါတို့၏ ဟစ်ကြွေးသံများ ကမ္ဘာကုန်တည်စေသော်။ (ဂျစ်တူး)

အင်တာနက် ဥယျာဉ်ကြီးထဲမှာ
အနံ့ပေါင်းစုံသင်းပါတဲ့ ဘလော့ပန်းလေးတွေ ဝေဆောနေတယ်

စေတနာ နဲ့ မေတ္တာပန်းတွေလည်းပါမယ်
အကြင်နာနဲ့ ဂရုဏာပန်းတွေလည်းပါမယ်
နည်းပညာနဲ့ ရင်တွင်းဖြစ်ပန်းတွေလည်းပါမယ်

ဒီလိုဝေဆာနေတဲ့ပန်းမျိုး
ဖျက်ဆီးဖို့ မင်းတို့ မကြံလိုက်လေနဲ့

စည်းလုံးခြင်းရဲ့ အင်အား
စုကာပြစို့လား မြန်မာဘလော့ဂါများ။ (CMS)

လွပ်လပ်ခြင်းရသအတွက်
ငါတို့ရိုးသားစွာစာဖွဲ့တယ်
ဒါဟာဘလော့ခြင်းရဲ့အနှစ်သာရ
ရာစုသစ်ရဲ့ရူးသွပ်မှုအသစ်
အဲဒါဟာအနုပညာဖြစ်လိမ့်မယ်
သင်တို့အားလုံးချစ်လို့မုန်းလို့ရတယ်
အဲဒါဟာငါတို့ရဲ့အဆုံးအရှုံးမဟုတ်ဘူး
လမ်းတွေကအလျားရှည်တိုင်း
ငါတို့စိတ်တွေတွန့်ဆုတ်မသွားဘူး
အမှန်တရားနေ့သစ်ဆီရောက်ဖို့
ဘလော့ဂါတွေရဲ့အလံသစ်ဟာ
အစစ်အမှန်လွှင့်ထူထားပြီ…။ (မိုးလှိုင်ည)

ငါတို့တွေဘလောက်ကြတယ်
ရည်ရွယ်ချက်ကိုယ်စီနဲ့
တစ်ချို့တွေကလည်း ဖွင့်အန်ဖို့
တစ်ချို့တွေကလည်း စီးမျောဖို့
တစ်ချို့ကတော့ ၀င့်ကြွားဖို့
လှိုင်းကိုယ်စီမှာ စီးမျောရင်း
တစ်ခါတစ်လေ တိုက်မိ
တစ်ခါတစ်လေ ခိုက်မိ
တစ်ခါတစ်လေလည်း ဖိုက်မိ
နောက်ဆုံးတော့ ဘလောက်ဂါဆိုတဲ့
ခေါင်းစဉ်အောက်မှာ ငါတို့တိုးဝင်ရင်း
ဘလောက်စာမျက်နှာတွေပေါ်ကနေ
ရင်ဘတ်ချင်းရင်းနှီး
သံစဉ်ချင်းညှိကြနဲ့
ရုန်းထွက်လို့မရတဲ့
အ၀န်းအ၀ိုင်းထဲကို
ငါတို့ဝင်လိုက်မိတယ်..
ငါတို့တစ်တွေ..
ညီနောင်ဘလောက်ဂါများ.... (ဘာညာ)

အထက်တန်းကျစွာ ဘလောဂ်ရေးခြင်းတဲ့
ညခင်းတွေရဲ့ နီယွန်မီးပြင်းတွေ အလယ်
အဓိပ္ပယ် ဖွင့်ဆိုရခက်နေလဲ
တပ်မက်တဲ့ စိတ်တွေနဲ့
ဘလောဂ်တွေထဲ ကိုယ်လျှောက်သွားတယ်…။

ချိုတခါ၊ ခါးတလှည့်၊
ညိုတခါ၊ ငိုတလှည့်၊
ခံစားချက်စုံ ပန်းရုံတောလို
ကိုယ်နဲ့သင့်မယ့်ပန်း၊ ကမ်းတဲ့အခါကမ်း
လှမ်းတဲ့ အခါလှမ်း၊
မှီတဲ့အခါထိ၊ မမှီတဲ့အခါလည်းရှိရဲ့
တွေးတထိသိ၊ မရှိတဲ့ခါ ကျော်
ဘလော့ဂါတွေဟာ ….
တကယ်တော့…….လူတော်တွေပါ။
တဒင်္ဂတွေ့ခိုက် သဒ္ဒါတရားတွေ
အိုင်ဒီယာသစ်တွေ၊ စေတနာတွေ၊
ဝေမျှမှုတွေ၊ ဖြန့်ဝေမှုတွေ
ဆင့်ပွားယူမယ်.. မလိုလဲပစ်
လိုတော့လဲအသစ်ပေါနော့်….။
တဒင်္ဂတွေ့ခိုက်၊ ချစ်လိုက်ကြပါ
မုန်းပြီးပြန်ချစ်၊ ဘ၀သစ်တွေမှာ
ပြန်ဆုံချင်ပါတယ်ဆိုတောင်မှ
ဆုံခွင့်ကြုံခွင့် သင့်ချင်မှ သင့်တော့မှာမို့
သံစဉ်မညီ၊ တွေးခေါ်စုံညီလို့
နားလည်မှုတွေ စုကာစည်းလို့
တခဏကြုံရင်ပဲ (ငါတို့) ရင်ခုန်ကြမယ်…
အို…ရောင်းရင်း ဘလော့ဂါတို့ရယ် (တပြည်သူ အိမ့်ချမ်းမြေ့)

ခံစားချက်တွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
ယုံကြည်ချက်တွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
တိုင်းပြည်အတွက် စေတနာတွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
တွဲလက်တွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
အတွေ့အကြုံ
ပျော်ရွှင်မှု
ဝေမျှမှု
စည်းလုံးမှုနဲ့
ချစ်ကြည်ရင်းနှီးမှုတွေ
သံယောဇဉ်တွေ
...............
........
ကျွန်တော်တို့ ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်။
ဒီမှာ မိတ်ဆွေ.....
ဘာကို မကျေနပ်ပါသလဲ
ကျွန်တော်တို့ ဘလော့ဂ်ရပ်ဝန်းမှာ ရှိနေတယ်။ (ခွန်မောင်)

ရည်ရွယ်ချက်တွေ အကောင်ထည်ဖော်ဖို့
ဝမ်းနည်းမှုတွေ ဖြေဖျောက် ကြဖို့
အစာမကြေတာတွေ ထွေးအန်စေဖို့
ပျော်ရွှင်မှုတွေ ဝေမျှကြဖို့
ဒီနေရာ မှာ တို့ ဆုံမိကြတယ်
နားလည်မှုတွေ ဖေးမမှုတွေ
အကြင်နာတွေ စေတနာတွေ
ရည်မှန်းချက်တွေ
ဒဏ်ရာတွေ ဝေဒနာတွေ
ကိုယ်စီထွေးပွေ့
မတူတာညှိ
တူတာ ပီတိနဲ့
လဲရင်ထူပေး
မြဲရင် အတူပြေးနဲ့
ငါတို့ ရှေ့ဆက်ကြမယ်..
လာသူငယ်ချင်း... လက်ချင်းတွဲထား
ရှေ့ခရီးများ.. ဝေးတော့ဘူးကွယ်... (သဲလေး)

ငါချက်တဲ့ ဟင်းတခွက်
တချို့ကတော့ အစပ်အဟပ်တည့်
တချို့ကတော့ အပြတ်အသတ်မဲ့
မချက်တတ်ချက်တတ်နဲ့ ငါ့ဟင်း
စားသုံးသူ ရှိနေလေတော့
ငါ… ဘလော့ဂ်ရေးတယ်။
တခါတလေလဲ
စကားလုံးတွေက
ပန်းခက်တွေဖြစ်လိုက်
လွမ်းချက်တွေ ဖွင့်လိုက်
ကြည်နူးစရာကောင်းလိုက်ပုံများ
ဟော…
စီးချင်းထိုးကြပြန်တော့လဲ
မြားအစင်းစင်းခမယ့်ဟန်
တအားအတင်း ငြင်းကြရပြန်တော့
ငါ… ဘလော့ဂ်ရေးတယ်။
ဟေ့…
အဝေးကိုတော့ မပြေးစမ်းပါနဲ့
ဟောဒီမှာ …
မင်းခံစားချက်၊ မင်းယုံကြည်ချက်
မင်းရပ်တည်ချက်၊ မင်းဖွင့်ဟချက်
ဒါတွေကို နားလည်ပေးနေသူတွေ
အများကြီး…
လာစမ်းပါကွာ… ဟိုးရှေ့မှာ ပန်းတိုင်ရှိတယ်
ဒီလိုနဲ့ပဲ…
ငါ… ဘလော့ဂ်ရေးတယ်။ (ကလိုစေးထူး)

တစ်ချို့ဆို မနာလိုတွေ ဖြစ်ကြ
ဆဲသွားကြ ဆိုသွားကြ
(ဒါကို) နာလိုခံခက်နဲ့ဒေါသတွေမဖြစ်ခဲ့ပါဘူး
ဘလောဂါဆိုတာကလည်း
လူထဲက လူတွေဘဲမို့
တစ်ခါတစ်ခါမှာစေတနာ ဇောနဲ့
ပြောမိမှားတာလည်းရှိချင်ရှိမယ်..
အမှားကို အမှန်ပါလို့
တစ်ခါမှ မထုတ်ဖော်ခဲ့တာ
တို့ဘလော့ဂါများပါဘဲ
သမိုင်းအတွက်တော့မရည်သန်ပါဘူး
ရည်ရွယ်တာကအမှန်တရားပါဘဲ
ရိုးသားစွာ သိက္ခာရှိမယ်ဆိုရင်တော့
ပုဆိုးခြုံထဲက လက်သီးပုန်းပြနေမယ့်အစား
ရဲဝံ့စွာ ထွက်ရင်ဆိုင်လိုက်ပါလား
ငါတို့ ဘလော့ဂါတွေက
တုန်လှုပ်မယ် ထင်သလား
အရာရာကို ရင်ဆိုင်ဖို့အတွက်
ကြိုတင်ကာ ပြင်ဆင်ထားတဲ့
အမှန်တရား ဘက်တော်သား......။ (ကျော်ဇေယျ)

ငါ့ကိုယ်ထဲစီးဝင်နေတဲ့
လွတ်လပ်ချင်တဲ့ဝိဥာဉ်တစ်ခု
စည်းတွေ ဘောင်တွေနဲ့ ကျွမ်းဝင်မှုမရှိခဲ့ဘူး …
တားဆီး ကန့်သတ် ဖြတ်တောက်ထားမှုတွေကြားမှာ
မီးတောက်တစ်ခုလို ဟိုယိမ်းဒီထိုး
စိတ်တွေကို ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းနေရတာမုန်းတယ်
လွတ်လပ်ခြင်းတစ်ခုနဲ့ပေါက်ကွဲ
ငါ့ရဲ့ ကူသူမဲ့ အလဲအကွဲတွေထဲမှာ
စကားလုံးတွေက သွေးတွေလိုရဲနေနိုင်တယ် …
အဲဒီ့လိုပဲ …
မဲ့ပြုံးတွေကိုမွေးဖွားတဲ့ မြင်ကွင်းတွေ
သက်ပြင်းတွေကိုမွေးဖွားတဲ့ သတင်းတွေ
နောက် …
တောက်ခေါက်သံတွေကိုဖြစ်စေတဲ့ အဖြစ်အပျက်တွေနဲ့
ငါ့ကဗျာတွေ မလှမပအသက်ဝင်နေနိုင်တယ် …
ပြီးတော့ …
လူသားခန္ဓာမှာ စိတ္တဇ၀ိဥာဉ်တွေဝင်ပူး
နှလုံးသားမှာ အတ္တဆူးတွေ ဆူးနေကြတဲ့
လူအချို့ရဲ့ ပုံရိပ်တွေအတွက်
သရော်လှောင်ပြောင်မှုတွေ
ငါ့စာတွေထဲမှာ ပါဝင်နေနိုင်တယ် …
ဒါကြောင့်လဲ …
စည်းဘောင်တွေနဲ့ မတင်းကျပ်တဲ့ နယ်မြေတစ်ခု
ငါ့အတွက် အသေအချာကိုလိုအပ်လာတယ် …
အဲဒါ … ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော် ဖြစ်တယ်။ (နေဘုန်းလတ်)

ဘလော့ဂ်ဂါရဲ့ ၀င်သက်ထွက်သက်ဟာ
ခေတ်ဟောင်းက ရေဒီယိုတစ်လုံး မဟုတ်ဘူး
အရောင်အသွေးစုံတဲ့ တီဗွီတစ်လုံး မဟုတ်ဘူး
ပုံရိပ်တွေ ရာထောင်ချီရိုက်ကူးနိုင်တဲ့ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံး မဟုတ်ဘူး
အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာ တစ်လုံးသာဖြစ်တယ်
ဘလော့ဂ်ဂါရဲ့ ဘာသာစကားဟာ
ကဗျာတစ်ပုဒ် ဖြစ်ချင်ဖြစ်မယ်
အက်ဆေးတစ်ပုဒ် ဖြစ်ချင်ဖြစ်မယ်
စိတ်ထဲပေါ်လာသမျှ ချရေးလိုက်တဲ့ အတွေးအပိုင်းအစ ဖြစ်ချင်ဖြစ်မယ်
ခင်ဗျားတို့တွေ တစ်ခါမှ မတွေးမိတဲ့ အသစ်တစ်ခုလည်း ဖြစ်ချင်ဖြစ်မယ်
ဘေလာ့ဂ္ဂါဟာ
လှောင်ပိတ်ထားတဲ့ နေရာမှာ မပျော်ဘူး
မွန်းကျပ်တဲ့ နေရာမှာ မပျော်ဘူး
မှောင်မိုက်တဲ့ နေရာမှာ မပျော်ဘူး
ထွက်ပေါက်မရှိတဲ့ ဖိနှိပ်မှုအောက်မှာ မပျော်ဘူး
ဘေလာ့ဂ္ဂါဟာ
လွတ်လပ်စွာ ရေးတယ်
အချုပ်အနှောင်မဲ့စွာ ရေးတယ်
ဘောင်တွေကို ဖောက်ထွက် ရေးတယ်
စိတ်ကို မြက်ခင်းစိမ်းတွေထဲ လွှတ်ပြီး ရေးတယ်
အာရုံနံပါတ် (၆) နဲ့ တိမ်နံပါတ် (၉) ပေါ်တက်ပြီး ရေးတယ်
ရေအသက် တစ်မနက်တဲ့
ဘလော့ဂ်ဂါရဲ့ အသက်ကတော့ အင်တာနက်သာဖြစ်တယ်..။ (ခေလွန်း)

လွတ်လပ်တဲ့ ဒီနေရာမှာ
လွတ်လပ်တဲ့ အသီးတွေ
ငါ .. ပျိုးတယ်
စိတ်တူသူငယ်ချင်း အချို့နဲ့
လွတ်လပ်မှုတွေ ငါမျှဝေတယ် ..
ငါလုပ်နိုင်တာနဲ့ ငါလုပ်တတ်တဲ့ အရာမှာ
စည်းတွေ လာမချနဲ့
ဘောင်တွေ လာမခတ်နဲ့
ချိုတဲ့ အသီးတွေက
တစ်ခါတလေမှာ ခါးတတ်တယ် ..
လွတ်လွတ်လပ်လပ် စားသုံးချင်သူတွေအတွက်
ဒီနေရာမှာ
လွတ်လပ်မှုတွေကိုပဲ ငါစိုက်ပျိုးထားတယ် .. (နိုင်းနိုင်းစနေ)

ဘလော့ဂ်ဝိညာဉ်တစ်စက်
ခြင်္သေ့တစ်ကောင်ရဲ့ အသက်ဖြစ်စေ
ဟောဒီ တောအုပ်ထဲမှာ ငါနေတယ်။

ဘလော့ဂ်ဂါတွေ စည်းလုံး
စုစုရုံးရုံး
ဟောဒီ အင်တာနက်တခုလုံး တပြုံးပြုံးနဲ့လေ။

ဘလော့ဂ်ခြင်းမှာ နစ်မျော
ငါပြောချင်တာ
ငါ့ဘ၀နဲ့ ငါ့လူမျိုးအကြောင်းပဲဖြစ်တယ်။

တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ရေးခြစ်
ငါ့ဘလော့ဂ်တစ်ခုလုံး ဖြစ်ချင်ရာဖြစ်စေ
လွတ်လပ်ခြင်းနဲ့ ငါ...အတူနေမယ်။

ငါ့စိတ် ငါလုံ
ငါ့ကိုယ် ငါယုံ
အဲဒီ Danger Zoneမှာ ငါရှင်သန်သွားမယ်.. (ဇင်ကိုလတ်)

ဘလော့ဂါတွေရဲ့ စုစည်းညီညာ စွမ်းပကား
ဒီနားလေးမှာ ပြထားခဲ့မယ်
လူညီချင်မှညီမယ် တူညီတာတစ်ခုကတော့
ငါတို့ ဘလော့ဂ်ကိုချစ်ကြတယ်
ဘယ်ခေတ်ဖြစ်ဖြစ် ဘယ်စနစ်ဖြစ်ဖြစ်
အိုင်တီခေတ်ထဲက ကဗျာဟာ
ဘယ်ဘာသာနဲ့ပဲဖြစ်ဖြစ်ပါလေ
ခေတ်တစ်ခုရဲ့ မှတ်တိုင်သာဖြစ်တယ်
အချစ်အတုမဟုတ်တာလည်း သေချာတယ်
အပြစ်ပြုချင်လဲ ပြုခဲ့ကြပေတော့ကွယ်
ဘလော့ဂါတွေ ရင်မှာ မမြင်သာပေမယ့်
ထင်လာနေခဲ့တဲ့ သံယောဇဉ်ကြိုးတစ်ချောင်းရှိတယ်
ငါတို့ အသိတရား မယွင်းပါးခင်အထိတော့
အချင်းမများ အငြင်းမပွားပဲ
တင်းထားတဲ့ စိတ်တွေလျှော့ချပြီး
ဘလော့ဂ်ဘ၀ခရီးကို ချီတက်ကြတာပေါ့ကွယ်။ ။ (ကိုဖြိုး)

ဆက်ဖတ်ရန်...

ကမ္ဘာရဲ့ မနက်ဖြန်

ဒါဟာအတ္တပေါ့
တစ်ယောက်ကိုတစ်ယောက်ချစ်ကြတယ်ဆိုတာလည်းအတ္တ
တစ်ယောက်ကိုတစ်ယောက်မုန်းကြတယ်ဆိုတာလည်းအတ္တ
နင်လှတယ်ငါလှတယ်ပြောနေကြတာလည်းအတ္တပါပဲ
ဒီလိုအတ္တတွေကြားမှာ
ကမ္ဘာမြေကြီးဟာ ..
သီးချိန်တန်သီးပြီး ပွင့်ချိန်တန်ပွင့်လာတယ

ဘ၀ဆိုတာဟာလည်း အတ္တရဲ့တစ်နေ့တာနေရာလေးပါပဲ
မမြဲဘူးဆိုတာ သိသိကြီးနဲ့ မြဲချင်ယောင်ဆောင်ကြပြန်တယ်
နောင်ဘ၀ကိုလည်း မျှော်ကြပြန်တယ်
ဒါဟာအတ္တပေါ့
တစ်ယောက်ကတစ်ယောက်ကို အတင်းတွေတုပ်နေကြတယ်
တစ်ယောက်ကတစ်ယောက်ကို စာရင်းတွေရှုပ်နေကြတယ်
တစ်ယောက်ကတစ်ယောက်ကို နောက်ကျောကိုဓားနဲ့ထိုးကြတယ်
တစ်ယောက်ကတစ်ယောက်ကို တရားတွေချချပြကြတယ်
တစ်ယောက်ကတစ်ယောက်ကို စကားတွေမျှကြတယ်
တစ်ယောက်ကတစ်ယောက်ကို အားကိုးအားထားပြုကြ
တစ်ယောက်ကတစ်ယောက်ကို မတရားမှုတွေပြုကြ
တစ်ယောက်ကတစ်ယောက်ကို ကျေနပ်နေပြပြန်တယ်
ဒီလိုနဲ့ ဒီလိုနဲ့
ကမ္ဘာမြေကြီးဟာ
သူကြီးပြင်းခဲ့ရာလမ်းကြောင်းအတိုင်းပဲ
သူပြန်ငယ်သွားရရှာတော့တယ်
တစ်ယောက်ကတစ်ယောက်ကို သတ်ကြဖြတ်ကြလို့တဲ့လေ။ ။

ဆက်ဖတ်ရန်...

Tuesday, July 31, 2007

လေထဲက လရိပ်

မနေ့ညကပေါ့… သူမနဲ့အတူ

မြို့ပြရဲ့လမ်းတွေပေါ် လျှောက်သွားတယ်

အိမ်ပြန်ချိန်

လကလည်းသာလို့….

ဒါပေမယ့် လေထဲမှာလေ။


အသံသာလေးရယ်…

ငါတိမ်းညွတ်နေလို့ပါ

မီးဆိုလည်း ငါဝင်တိုးတော့မယ်

တစ်ဘဝစာ

လောင်ကျွမ်း ပြာကျ….

ငါ ပျောက်ဆုံးသွားမှအေးမယ်။


မသိစိတ်က မဖြစ်နိုင်မှန်းသိနေလည်း

ငါ အတိတ်မေ့ချင်ခဲ့တဲ့ကောင်ပါ

အိပ်ချင်တဲ့နေရာဟာ ငါ့မွေ့ယာပဲပေါ့။


ဘာကိုမှဂရုမစိုက်တတ်တဲ့ကောင်

လေထဲကအနမ်းတွေတောင် လိုက်ဖမ်းနေတတ်ပြီ။

ဒါနဲ့ဆို အားလုံးပေါင်းနှစ်ပွင့်သော အနမ်း

ဒီရင်မှာ နွမ်းနေရပြီ။


ဒီလိုနဲ့ပဲ

လေထဲကလရိပ် ကိုဖမ်းတဲ့

ငါ…

ခေတ်သစ် ငမိုက်သားလား?

ဆက်ဖတ်ရန်...