ခါတိုင်းလိုပဲ …
အိပ်ရာထဲက
နိုးထထချင်း
ပြတင်းကိုလှပ်
နံနက်ကို ကြို …
လောကကြီးကို ခွန်းဆက်
မင်္ဂလာနံနက် ဖြစ်ပါစေ … ။
ကောင်းကင်ထက်မှ
စက်စက်ကျနေ
မိုးစက်တွေဟာ
မြေကမ္ဘာကို
မျက်နှာသစ်ပေး
အညစ်အကြေးတွေ ဆေးကြောတယ်။
လန်းဆန်းနုနယ်
စံပယ်ဖြူဖွေး
ကြူကြူမွှေးက
ငြိမ်းအေးရနံ့
ထုံသင်းပျံ့စွာ ဝေဆာတယ်။
ရွက်နုစိမ်းဝေ
မိုးရေစိုစို
ကပိုကရို
ရှက်သွေးပိုတဲ့
အပျိုမလို အလှဖြာတယ်။
မိုးသောက်ရောင်ခြည်
အရှေ့ဆီမှ
ဝါနီအလင်း
အမှောင်ခွင်းကာ
ကမ္ဘာတလွှားကို ဖြန့်ခင်းတယ်။
သစ်ပင်ထက်မှာ
ငှက်ပြာတသင်း
တေးသီချင်းဆို
နေ့သစ်ဦးကို ကြိုကြတယ်။
ချစ်ခြင်း မုန်းခြင်း
ပြုံးခြင်း မဲ့ခြင်း
အလင်း မှောင်မဲ
ဒွန်တွဲဖြစ်ပျက်
ဆန့်ကျင်ဘက်များ
ရှိပါငြားလျက်
အလှမျက်စိ
*ယောနိသော-ထား
ရှုကြည့်ပွားလျှင်
မြင်မြင်သမျှ
လောကကြီးဟာ လှနေမယ်။
***
မင်္ဂလာရှိသော နံနက်ခင်း ပေါင်းများစွာ
ပိုင်ဆိုင်ရပါစေသား … ပိုင်ဆိုင်ကြပါစေသား … ။
Showing posts with label မေဓာဝီ. Show all posts
Showing posts with label မေဓာဝီ. Show all posts
Friday, May 25, 2007
မင်္ဂလာနံနက်ခင်း ...
Posted by
အိမ့်ချမ်းမြေ့
at
9:39 PM
0
comments
Labels: မေဓာဝီ
Subscribe to:
Posts (Atom)