Friday, April 22, 2016

မိတော၏မုန့်လုံးရေပေါ်

မိတော.. မုန့်လုံးရေပေါ်လုပ်စားဖြစ်တယ်။
မုန့်လုံးတာတောင် ရည်ရွယ်ချက်အကြီးကြီးထားတယ်။

ဂျူနီယာတောလေးကို ယဉ်ကျေးမှုသင်ပေးမယ်၊ အမျိုးတွေကို နှစ်သစ်ကူးမုန့်လုံးရေပေါ်ဝေမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့။

တစ်ကယ်တော့...
သင်ပေးရအောင်လည်း မိတောကိုယ်တိုင်ကခုမှ လုံးဖူးတယ်။ ဆန်မှုန့် နဲ့ ကောက်ညှင်းဆန်မှုန့်က ၁:၄။ ဆားလေးထည့်နယ်တယ်။ ဟုတ်ပြီဆိုပြီး ရေတွေလောင်းချလိုက်တာ ရေတောင်ကူးလို့ရမလိုဖြစ်သွားလို့ အမှုန့်တွေထပ်ထည့်ရတယ်။

ညကလည်း စူပါစတိုးမှာ ထန်းလျက်အရှာထွက်တာမတွေ့လာလို့
ထန်း လျက်အစား ချော့ကလက်အဖြူသုံးမယ်ပြင်တယ်။ ကိုရင်က ထန်းလျက်မရရအောင်ရှာပေးမယ်ဆိုပြီး
မနက်အစောကြီးထဲက ထန်းလျက်အရှာထွက်တယ်။ ဒီမြို့မှာရှိသမျှ ကုလားဆိုင်ကုန်လေပြီလားတောင် မသိ။
ပြန်ရောက်လာတော့ ထန်းလျက်အစား
ကြံသကာတွေ ရလာတယ်။ မိတောမိခင်ကြီးကတော့
သူဝယ်နေကျဆိုင်မှာ အတုံးကြီးတွေလိုက်ကိုရှိတယ်ပြောတယ်။ မည်သို့ပင်ဖြစ်စေ.. မိတော၊ ဂျူနီယာတောနှစ်ယောက်လုံးရဲ့ မျက်နှာ၊ နဖူး၊ ဆံပင်၊ အကျီ်တွေမှာ.. ဆန်မှုန့်တွေပေပြီး မီးဖိုကြီးတစ်ခုလုံးလည်း ဖွေးဖွေးလှုပ်။ ထန်းလျှက်အရှာထွက်သွားတဲ့ ကိုရင်ပြန်အရောက်.. မီးဖိုထဲဘယ်က မျောက်ဖြူနှစ်ကောင်ရောက်နေလဲ ဆိုတဲ့ပုံနဲ့ တစ်ချက် မှင်တက်သွားတယ်။

အရေးထဲ..
ဂျူနီယာသာအေးက လက်မဆေးဘဲ မုန့်ငါးလုံး ဝင်လုံးပေးပြီး ထင်ထားသလောက်
စိတ်ဝင်စားစရာမကောင်းဘူးလို့
ဆိုပြီး ခပ်တည်တည်နဲ့ ထွက်သွားတယ်။

သုံးနာရီကြာသွားတယ်။ မုန့်နယ်ရတဲ့လက်ကော၊ ရပ်ရတဲ့ခြေထောက်တွေပါ နာကျင်ကိုက်ခဲခြင်း ဝေဒနာခံစားရအပြီး၊ မုန့်လုံးလှလှလေးတွေထွက်လာအပြီး အိပ်ရာထဲလဲချိန် ညီမတော်တောက ညနေမှာ The jungle book သွားကြည့်မယ်ဆိုလာတယ်။
မခံနိုင်တော့ဘူး.. မလိုက်နိုင်တော့ဘူးဆိုပေမယ့် အိမ်ဖုန်းခေါ်လိုက်၊ ဟန်းဖုန်းခေါ်လိုက်နဲ့ ကလေးတွေကိုအကြောင်းပြပြီး ကလေးရုပ်ရှင်တွေ အလွန်ကြိုက်သော ညီမတော်တောက မလိုက်ချင်နေ.. ကလေးတွေခေါ်သွားမယ်ဆိုလာလို့
ခဏလေးတော့အိပ်ခွင်ု့ပြုပါတောင်းပန်။ နိုးတော့ ရေအမြန်ချိုး ... ရုပ်ရှင်ရုံကိုပြေးဖို့ပြင်တယ်။
ကိုရင်ကတော့ ချော့ကလက်ဖြူနဲ့လုပ်တဲ့ မုန့်လုံးရေပေါ်နဲ့ ကြံသကာနဲ့လုပ်တဲ့ မုန့်လုံးရေပေါ်၊ ဆားထည့်နယ်တဲ့မုန့်နှစ်နဲ့ ဆားမပါတဲ့မုန့်နှစ်၊ ဗစ်နစ်လာထည့်တာနဲ့မထည့်တာ...ဘယ်ဟာပိုကောင်းလဲ မြည်းပေးလိုက်ရတာမှာ ထမင်းတောင်မစားနိုင်တော့ဘဲ.. ဗိုက်လေးပြီး အိပ်ပျော်နေချိန်...
ရုပ်ရှင်ရုံသွားကြဖို့ အောက်ဆင်းအလာ အဆင်သင့်ဖြစ်နေတဲ့ ဂျူနီယာသာအေးက မုန့်လုံးရေပေါ်တွေကို သေချာပန်းကန်ထဲထည့် အုန်သီးခြစ်ဖြူးပြီး ကျကျနနစားနေတော့.. မိတောဝမ်းသာမိပြီး ကြိုက်လားမေး။ အရမ်းကြိုက်တယ်မေမေဆိုသော သူ့ပန်းကန်ထဲအကြည့် မုန့်လုံးရေပေါ်ထဲက ကြံသကာတွေနဲ့ ချော့ကလက်အဖြူတွေကို အကုန်ဖောက်ထုတ်ပြီး ပန်းကန်ပတ်လည်တန်းစီဖယ်ထားကာ မုန့်ဖြူသားချည်းစားနေတာကို တွေ့ရတော့တယ်။

မိတောလည်း.. မုန့်ုဖြူချည်းပဲလုံးပြီးပြုတ်ကျွေးတာ အကုန်သက်သာမည်တွေးမိလိုက်သေးတယ်။
အမျိုးတွေကို မုန့်ဝေမယ့် အစီစဉ်ပျက်သွားပေမယ့် မိခင်ကြီးကိုတော့ ဝင်ပေးဖြစ်တယ်။ ဘယ်လိုလည်း ကောင်းလားဟင်မေမေလို့.. ပထမဆုံးလုပ်တဲ့ မုန့်လုံးရေပေါ်လေးကို ဂုဏ်ယူပြီးမေးမိတယ်။

'သမီးမုန့်လုံးရေပေါ်လား.. ..
အင်း.....
...........
မုန့်လုံးရေပေါ်အတိုင်းပဲလေ..'

မိခင်ကြီးက ဆိုတယ်။ သူ့အဖြေကြောင့် ရယ်ရမလို ငိုရမလိုလိုဖြစ်သွားလို့ ရုပ်ရှင်ရုံဘက်ပဲ ဆက်ထွက်ခဲ့တယ်။

Kipling ရဲ့
The jungle book ပထမဆုံးရုံတင်တဲ့နေ့မို့ တန်းစီရတယ်။ တစ်ခါမှ မကြုံဖူးလို့ အံသြမိတယ်။ မြင်မြင်သမျှ ကလေးတွေချည်းပဲ။
သို့ပေမယ့် ညီမတော်တောလို ကလေးကားကြိုက်တဲ့ အသက် ၆၀ကျော် လူကြီးတွေလည်း တန်းစီနေတာတွေ့ရတယ်။ ညီမတော်တောက တောင်ဝှေးအရွယ် ရောက်ရင်တောင် ဒီလိုကားတွေလာကြည့်နေဦးမှာပဲဆိုတယ်။ မိတောလည်း အေလီယံကားတွေကို တောင်ဝှေးနဲ့အရွယ်ရောက်တဲ့အထိ လာကြည့်နေဦးမှာလို့ အားကျမခံပြန်ပြောလိုက်တယ်။
ရုံထဲရောက်တော့ အားလုံးတန်းစီထိုင်၊ မိတောဘက်မှာ လေးယောက်စာခုံလွတ်တယ်။
ညာဘက်မှာဂျူနီယာသာအေးထိုင်နေတယ်။ ခုံလွတ်မှာ ၁၀နှစ်အရွယ် ကလေးတစ်ယောက် လာထိုင်တယ်။
ကလေးတွေလန့်မလားတွေးမိလို့..
ကျားတွေ၊ ခြသေ့်တွေနဲ့ ကြောက်ရင် မေမေ့လက်ကို ကိုင်ထားနော်လို့ ဂျူနီယာသာအေးကိုပြောပြီး ငိုက်ဖို့ပြင်တယ်။


တစ်ကယ်တမ်းရုပ်ရှင်ပြတဲ့အခါ..
Kipling စာရေးတော်တာကော၊ ရိုက်တဲ့သူတွေတော်လွန်းတာကော ငိုက်ဖို့ပြင်တဲ့ မိတောမှာ ငိုက်ဖို့အခွင့်ရေး လုံးဝ မရလိုက်ဘူး။ thriller ကားတွေထက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေတာမို့.. ကြောက်ရင်မေမေ့လက်ကိုင်ထားနော်လို့ ပြောထားတဲ့ မိတောမှာ..
Shere Khan တစ်ချက်ဟိန်းလိုက်တိုင်း တုန်တုန်သွားလို့
ဂျူနီယာသာအေးရဲ့လက်ကို အားကိုးတကြီးဆုပ်ကိုင်ထားရတယ်။ ဘေးက ကလေးကို လှမ်းကြည့်တော့လည်း အေးအေးဆေးဆေးပဲ။
ဂျူနီယာကလည်း လက်ကိုအကိုင်မခံ ရုန်းနေလို့ ကိုယ့်ပိုက်ဆံအိတ်ကြိုးကို ကိုယ်ကိုင်ထားရတယ်။
ရုပ်ရှင်အပြီးမတော့...
တစ်နေကုန်မုန့်လုံးထားတဲ့ ဒဏ်ရယ်...
Kipling ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရုပ်ရှင်ကြောင့်ရယ်.. Shere Khan မျက်နှာကြီးကို မြင်ယောင်နေပြီး
မိတောမှာ အိမ်ကိုမနည်းကားမောင်းပြီး ပြန်ခဲ့ရပါတော့တယ်။


အိမ့်ချမ်းမြေ့

No comments: