Showing posts with label ရေခဲငှက်. Show all posts
Showing posts with label ရေခဲငှက်. Show all posts

Sunday, August 19, 2007

သွေးဆာတဲ့ပန်း…


ပြတင်းတံခါးကို ခဏလောက်ပိတ်ထားပေးပါ
စိတ်တွေနယ်လွန်နေလို့
ငါမွှန်ထူနေခဲ့ပြီလား
ရင်ထဲမှာထင့်ခနဲဖြစ်
မျက်လုံးကိုဖွင့်ကြည့်တော့
ငါ့ရဲ့ ဖြူစင်မှုတွေ ငါ့ရှေ့မှာ ခေါင်းငုံ့နေကြတယ်…




အလင်းများကို ခဏလောက် ရုပ်သိမ်းပေးပါ
မျက်လုံးစိမ်းတွေကို ရင်မဆိုင်ရဲလို့
ငါယိုင်နဲ့နေခဲ့ပြီလား
အတ္တတွေအလန့်တကြားဖြစ်
ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်တော့
ငါ့ရဲ့အလွမ်းတွေ ငါ့ရှေ့မှာ ပြန့်ကြဲနေကြတယ်…



ချစ်ခြင်းတရားတွေ ခဏလောက်မျှဝေပေးပါ
ငါနေရမှာ တိုတောင်းလွန်းလို့
ကွန်းခိုရာပျောက်ဆုံးနေခဲ့ပြီလား
အရှုံးတွေနဲ့ ငါကျန်ရစ်
မှန်ထဲမှာ ငါ့ကိုယ်ငါပြန်ကြည့်ဖြစ်တော့
ငါ့ရဲ့ နှလုံးသားမှာ သွေးစွန်းနေတယ်



စာနာမှုတွေ ခဏလောက်ရှေ့တန်းတင်ပေးပါ
ဘ၀င်မကျနိုင်လွန်းလို့
ပြိုင်ဆိုင်မှုတွေနဲ့ အချစ်ကိုအရောင်ဆိုးချင်တာလား
ရိုးရိုးလေးနဲ့ပဲ ထားခဲ့ပါအချစ်
အားနာတယ်ဆိုတဲ့ စကားလေးတောင် မပြောခဲ့နဲ့နော်
မင်းရဲ့ဘ၀အမောတွေ တဒင်္ဂချွေးသိပ်နိုင်ဖို့
နီစွေးနေတဲ့ ငါ့နှလုံးသားထဲက အနမ်းပန်းလေးတွေ ကြဲချခဲ့မယ်
ရှေ့ဆက်လန်းဆန်းပါစေ ပန်းလေးတစ်ပွင့်ရယ်…





ဆက်ဖတ်ရန်...

Thursday, August 9, 2007

လမင်းကိုစိတ်ကောက်တဲ့ည...



ဆည်းလည်းသံ ညင်သာနဲ့
နံရံပေါ်မှာ အရိပ်တစ်ချို့ကလို့ခုန်
အိပ်မှုန်စုံဖွားဖြစ်နေတဲ့ ငါ့မျက်လုံးကို ပွတ်သပ်ရင်း
ကပျာကယာ ပြုံးပြလိုက်တော့
စေ့ဟထားတဲ့ တံခါးပေါက်ကနေ လှစ်ခနဲ
အချစ်ပြေးထွက်သွားခဲ့တယ်
ဒီည လမင်းကို ငါစိတ်ကောက်မိတယ်…

ဆက်ဖတ်ရန်...

Saturday, June 9, 2007

ရင်ကွဲသံစဉ်


သိက္ခာနဲ့ယုတ္ထိတွေကို ခ၀ါချလို့
ဒီတစ်ညမှာ ငါရင်ဖွင့်ပြီး ငိုပါရစေနော်
ငါမင်းကို သိပ်လွမ်းနေတယ်…

ညကမင်းပြန်လာတယ်လို့ အိပ်မက်တယ်သိလား
ငါရယ်မင်းရယ်ပေါ့လေ
ပန်းတွေဝေဆာနေတဲ့ တောအုပ်လေးတစ်ခုထဲက
သစ်လုံးအိမ်လေးထဲမှာပေါ့
ငှက်ကလေးသုံးကောင်က သစ်ပင်လေးပေါ်ကနေ
ငါတို့ကို ပြုံးပြီး ကြည့်နေကြတယ်…

ငါက မင်းကိုဖက်ထားလို့
မင်းက ငါ့ကိုမော့ပြီးကြည့်နေလို့
နှစ်ဦးသား အကြည့်ချင်းအဆုံမှာ
ရင်တွေခုန်လိုက်ရတာကွာ
မင်းရဲ့မျက်နှာလှလှလေးပေါ်မှာ ငါ့ရဲ့ အနမ်းလေးတွေ ခြွေချုလိုက်တိုင်း
ပန်းပွင့်လှလှလေးတစ်ပွင့်ပွင့်သွားခဲ့တယ်
မင်းသိလား
ညကလေ
မိုးကုပ်စက်ဝိုင်းထိ
ပန်းတွေပွင့်ခဲ့ကြတယ်ကွာ…

ဒီနေ့မနက်ငါနိုးထလာတော့
ငါ့ဘေးနားမှာ တတီတီနဲ့ မြည်နေတဲ့ နှိုးစက်တစ်လုံးက
ငါ့အိပ်မက်ကို လှောင်ရယ်နေတယ်…
ငါ့ဓာတ်ပုံထဲက ငါဖြစ်ခဲ့ဖူးတဲ့ငါက
မင်းရဲ့ စိတ်ဓာတ်အင်အားတွေ နည်းနေပြီလားလို့ ငါ့ကို စိုက်ကြည့်ပြီးမေးနေတယ်
မျက်စိကို ပြန်မှိတ်ပြီး ပက်လက်ပြန်လှဲလိုက်တယ်.
ဝင်သက်ထွက်သက်ကို မှန်အောင်ပြန်ကျင့်ပြီး
တည်ငြိမ်မှုကို ပြန်ရှာတွေ့သွားတဲ့အချိန်မှာတော့
ငါ့ရဲ့မျက်တောင်တံခါးတွေကို လှစ်ဟလိုက်တယ်.

မျက်နှာကြက်မှာ ဖန်မီးအိမ်တစ်လုံးက လေနဲ့အတူ ဝေ့၀ဲလို့
ငါ့ရင်ဘတ်ပေါ်မှာ လက်ကလေးနှစ်ဖက်ကို ယှက်ထားလို့
အို…
ငါဆုများတောင်းနေမိတာလား…

ငါဆုတောင်းဖို့ ရှက်တယ်ဆိုတာ မင်းလည်း သိပါတယ်
ဆုတောင်းတယ်ဆိုတာ တကယ်တော့
ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့
ကိုယ့်စိတ်ကိုယ် လမ်းတည့်ပေးလိုက်တာပဲလေ
ငါလိုချင်တာကို ငါ့နည်းငါ့ဟန်နဲ့ပဲ ယူချင်တယ်
ငါဆုမတောင်းဘူး
ငါ့စိတ်ကိုပဲ autosuggestion လုပ်တယ်.
ဒါပေမယ့်ဒီနေ့မနက်က ငါဆုတောင်းမိလိုက်တယ်ကွာ
ဘာလို့လဲမင်းသိလား
ငါ့မှာနည်းလမ်းတွေ ပျောက်ဆုံးနေလို့ပါ…

ငါ့ဖုန်းထဲမှာ မင်းထားခဲ့တဲ့ Voice Mail တွေကို အကြိမ်ကြိမ်နားထောင်လို့
ငါ့မေးလ်ဘောက်စ်ထဲမှာ မင်းပို့ခဲ့တဲ့ စာတစ်ချို့ကို အကြိမ်ကြိမ်ပြန်ဖတ်လို့
ငါ့နှလုံးသားထဲမှာ အကျအနထိုင်နေတဲ့ မင်းကိုအကြိမ်ကြိမ်ပြုံးပြလို့
ရင်ဘတ်ထဲက လှိုင်းတွေကို လမ်းလွှဲပေးလိုက်တယ်
အို….
ငါ့ရဲ့ မျက်တောင်တွေ စိုနေပါရော့လား…

သိက္ခာနဲ့ယုတ္ထိတွေကို ခ၀ါချလို့
ဒီတစ်ညမှာ ငါရင်ဖွင့်ပြီး ငိုပါရစေနော်
ငါမင်းကို သိပ်လွမ်းနေတယ်…




ဆက်ဖတ်ရန်...

Friday, June 1, 2007

ကြယ်ကြွေည



သူသွားပြီ
ငါ့ရဲ့ရင်ခုန်သံတွေကို ယူပြီးတော့ပေါ့
ဘယ်တော့များမှ ပြန်လာမှာလဲဟင်
မကြင်နာလို့ နှင်လွှတ်တာမဟုတ်ပါဘူးချစ်သူရယ်
အစဉ်ထာဝရ စောင့်စားနေသူတစ်ယောက်ရဲ့
နှုတ်ဆက်သံမှာ အက်သံတွေပြည့်နေတာ
ကိုယ်တစ်ယောက်ပဲသိပါတယ်.
သွားတော့နော်…

ကိုယ်မင်းနဲ့ ပြန်ဆုံတွေ့ဖို့
ကြယ်ကြွေညတိုင်းဆုတောင်းနေမယ်
ဒီညကြယ်ကြွေမှာလားဟင်…


ဆက်ဖတ်ရန်...

Sunday, May 27, 2007

ရင်ခွင်နန်း

ငါက မင်းအတွက် လှေလေးတစ်စင်းပါ
မင်းရဲ့ ဘ၀မြစ်ပြင်ကျယ်ကြီးကို ကူးဖြတ်ရာမှာ အဆင်ပြေစေဖို့
ငါ့ကို လိုသလို အသုံးချပါ
တစ်ဖက်ကမ်းကို ရောက်ရင်တော့ မင်းငါ့ကိုလှည့်မကြည့်နဲ့တော့နော်

ငါက မင်းအတွက် မီးပြတိုက်လေးတစ်ခုပါ
မင်းရဲ့ဘ၀အမောတွေထဲမှာ အမိုက်မှောင်တွေကို ဖယ်ရှားပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ပန်းတိုင်ကို မြင်သွားရင်တော့ မင်းငါ့ကိုမျက်ကွယ်ပြုခဲ့ပါတော့နော်

ငါက မင်းအတွက် တံတားလေးတစ်စင်းပါ
မင်းရဲ့ဟာကွက်တွေကို တေ့ဆက်ပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ ပြည့်စုံခြင်းတွေကို ရရှိသွားတဲ့တစ်နေ့ကျရင်တော့ မင်းငါ့ကို နင်းကန်ထွက်ခွာသွားပါတော့နော်

ငါက မင်းအတွက် အိမ်လေးတစ်လုံးပါ
မင်းရဲ့ မလုံခြုံမှုတွေကို ကာကွယ်ပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်ရှာတွေ့သွားရင်တော့ မင်းငါ့ရဲ့ရိပ်မြုံလေးကို
စွန့်ခွာသွားပါတော့နော်.


ငါက မင်းရင်ဘတ်ထဲက နှလုံးသားတစ်စုံ မဟုတ်ပေမယ့်
မင်းကတော့ ငါ့ရင်ဘတ်ထဲက အသက်ငွေ့နွေးနွေးလေးပါ
ငါမရှိလို့ မင်းဘာမှ မဖြစ်ပေမယ့်
မင်းမရှိရင်တော့ ငါ့ဘ၀ဟာ
နေမရှိတဲ့ကမ္ဘာ
ရေမရှိတဲ့မြစ်
ပန်းမပွင့်တဲ့ရဂုံပမာ ဖြစ်နေမှာမို့

ချစ်သူရယ်
အကြင်နာအလင်းတန်းလေးတွေ ဖြာဝေပေးပါ
ကြည်နူးမျက်ရည်များ သွန်းဖြိုးပေးပါ
လှိုက်ဖိုအနမ်းပန်းလေးများ မျှခြွေပေးပါ
ငံ့လင့်စောင့်မျှော်နေသူရဲ့
မမွှေးပျံ့တဲ့ အမိုက်မှောင်ကမ္ဘာကြီးထဲက
မြစ်ငယ်လေးတစ်စင်းအတွက်ပေါ့…


ဆက်ဖတ်ရန်...

Sunday, May 20, 2007

နာခံတော်သွင်း..

လမင်းရဲ့ ကြင်နာမှုနဲ့
ကြယ်စင်တွေမှိတ်တုတ်
မလှုပ်မယှက်နဲ့ မြက်ခင်းပြင်ပေါ်ပက်လက်
ခံစားချက်လေးတွေကို ပင့်သက်မောတွေနဲ့
နေရာချနေတဲ့ ညတစ်ညမှာ
ချစ်သူနဲ့တွေ့ခဲ့တယ်…
အဲဒီ့ညက လနှစ်စင်းအပြိုင်ထွန်းလင်းခဲ့တယ်
သိလားချစ်သူ…

ပျက်ယွင်းနေတဲ့ နှလုံးသား
လွဲမှားနေတဲ့ ဦးနှောက်နရီတွေကို
စီညီအောင် ဖေးကူမပေးခဲ့တဲ့
အဝေးက ချစ်သူရဲ့ အပြုံးပန်းနုရွရွလေးတွေကို
တွေးမိတိုင်း လွမ်းရပါတယ်..
ပြုံးနေပြီလားချစ်သူ…

ဥဒဟိုသွားလာလှုပ်ရှားနေတဲ့ လူတွေကြားထဲမှာ
ချစ်သူများပေါ်လာလေမလားလို့
လက်တွေ့မကျတဲ့ စိတ်ကူးအိပ်မက်တွေကို အဖော်ပြုရင်း
ဆွေးမြည့်ခံစားချက်တွေနဲ့ မျှော်နေမိတယ်
တွေဝေသွားလား ချစ်သူ…

`မောင်´
လို့ ပါးစပ်ကဖွင့်ဟမခေါ်ပေမယ့်
မျှော်လင့်မိသူကိုယ့်ရင်ထဲမှာ ချစ်သူရဲ့ခေါ်သံလေးကို
နွေးထွေးလှိုက်မောစွာခံစားမိနေပါတယ်
ခုမြင်နေရတဲ့ ကြယ်တာရာတွေကို သက်သေပြုပြီး
သစ္စာဆိုပြချင်ပါရဲံ့…
ယုံမှာလား ချစ်သူ…

ချစ်သူနဲ့မနီးတဲ့ ခရီးလမ်းတစ်နေရာကို နှင်နေတဲ့
ချစ်သူသိပ်ချစ်တဲ့ `မောင့်´ အတွက်
ချစ်သူကိုယ်တိုင် သီကုံးပေးတဲ့ ကဗျာပန်းလေးကို
ချစ်သူကိုယ်တိုင် ရွတ်ပြပေးတာကို နားဆင်ရင်း
လရောင်ရွှန်းပတဲ့ ဒီတစ်ညမှာ
`မောင်´ မှေးစက်ပါရစေ
လာခဲ့မှာလား ချစ်သူ…

ဆက်ဖတ်ရန်...

Monday, May 14, 2007

ပုန်းရှောင်သူသို့ခွင့်ပန်လွှာ

ကြင်ပါနဲ့တော့လား.
ဝေဒနာရင်မှာ ရင့်ကာကျွမ်းပြီးသားမို့
လွမ်းချင်သူသက်သက်ဝမ်းနည်းစေခဲ့တယ်.
ချစ်သူရယ်
ရက်စက်နိုင်အား...


နှင်ပါနဲ့တော့လား.
အစဉ်သာရက်ဆက် စောင့်ခဲ့သူမို့
ပုန်းရှောင်သူငွေလ၀န်းကို မျှော်မိတယ်
ချစ်သူရယ်.
မေ့ဖျောက်နိုင်အား...

ပြင်ပါနဲ့တော့လား
ရှင်မကွာဆုတောင်းအားနည်းသူမို့
ဝေးစေသူကံကြမ္မာကို ငြိုးမိတယ်
ချစ်သူရယ်.
စိမ်းရက်လေအား…

ရှောင်ပါနဲ့တော့လား
မှောင်ကမ္ဘာမှာ ရှည်ကြာနေခဲ့ရသူမို့
လင်းစေသူရှင်နေမင်းကိုမျှော်ကိုးမိတယ်
ချစ်သူရယ်.
တိမ်းရက်လေအား...

ဆက်ဖတ်ရန်...

သခင့်ထံပါးမှ ထာဝရချစ်သူ

တိုးညှင်းတဲ့ရင်ခုန်သံလေးတွေ စုစည်းပေါင်းစပ်ပြီး
ကိုယ့်ရဲ့ အသိအာရုံကို ထိန်းချုပ်ဖို့ ကြိုးစားလာကြတယ်..
နေ့စဉ်လှုပ်ရှားနေတဲ့ နိစ္စဒူဝဖြစ်စဉ်တွေထဲမှာ
ချစ်သူအတွက် ကဗျာလှလှလေးတွေ
ရေးစပ်ဖို့ အချိန်လေးတစ်ခုဝင်လာခဲ့တယ်ချစ်သူရယ်..

ချစ်သူကို ပွင့်လင်းစွာချစ်ခွင့်ရချင်ပါတယ်.
ချစ်သူစိုးရွံ့မှာကိုလည်း စိတ်မကောင်းဖြစ်ရပါတယ်.
ချစ်သူနဲ့ ကိုယ်ကြားမှာ မကျော်နိုင်တဲ့ အဆီးအတားတစ်ခုရှိနေတယ်
ချစ်သူမလိုလားတဲ့ ဖြစ်ရပ်မျိုးကိုလည်း ကိုယ်မဖန်တီးချင်ပါဘူးကွယ်…



ချစ်သူမသိစေချင်တဲ့ လျှို့ဝှက်ချက်တွေကို ကိုယ်သိအောင် ကြိုးစားမိခဲ့တယ်.
ဒါဟာလည်း ချစ်သူရင်ထဲက ပြောမပြဖြစ်တဲ့ နာကျင်မှုတွေကို ကုစားပေးချင်လို့ပါ.
ကိုယ်ဒီလိုကြိုးစားမိလို့ ချစ်သူ့ရင်ကို ပိုနာကျင်မိသွားစေလားဟင်
ဒါဆိုရင်တော့ ကိုယ့်ရဲ့ရင်ဘတ်ကို ကျောပြင်အဖြစ်ပြောင်းလိုက်ပါမယ်ချစ်သူရယ်..

ကိုယ့်ရင်ထဲက အချစ်တွေကို ချစ်သူ မသိချင်နေပါ.
ကိုယ့်ဆင်ခြင်တုံတရားရဲ့ ကျဆုံးမှုကိုလည်း ချစ်သူ မမြင်ချင်နေပါ.
ကိုယ့်ရဲ့သံယောဇဉ်နဲ့တွယ်တာမှုကိုတော့ ပြက်ရယ်မပြုပါနဲ့နော်…

ကြည့်ပါချစ်သူ
မေပယ်လ်ပင်လေးတွေ အနီတစ်ဝက်အ၀ါတစ်ဝက်နဲ့
ကိုယ့်ချစ်သူရဲ့ ခြေလှမ်းလေးကြွအလာကို ၀ပ်တွားခစားနေကြတယ်.

နားထောင်ပါချစ်သူ
ဆီဒါပင်လေးတွေကို လေတိုးနေတဲ့အသံလေးတွေထဲမှာ
ချစ်သူမြတ်နိုးတဲ့ သံစဉ်လေးတွေ စီးမျောနေတယ်.



ခံစားပါချစ်သူ
ချစ်သူရဲ့မျက်ဝန်းလေးပေါ်မှာ ဖြာဆင်းနေတဲ့ နေခြည်နုထွေးလေးတွေမှာ
ချစ်သူအပေါ်ထားတဲ့ ကိုယ့်မေတ္တာရဲ့ နွေးထွေးမှုလေးတွေ ပျော်ဝင်နေတယ်.

ငိုလိုက်ပါချစ်သူ
မေတ္တာလိုအပ်နေတဲ့ အားနည်းသူလေးတွေအတွက်
ချစ်သူရဲ့ နှလုံးသားထဲက ကိုယ်ချင်းစာတရားလေးကို ဖော်ကျူးပေးနိုင်ဖို့ပေါ့



ပြုံးလိုက်ပါချစ်သူ
မှောင်မိုက်နေတဲ့ ဒဏ်ရာနေ့ဟောင်းလေးတွေ
အားအင်သစ်နဲ့အတူ ပြန်လည်နိုးထလာနိုင်ဖို့ပေါ့.

ရီလိုက်ပါချစ်သူ
ကမ္ဘာလောကကြီးရဲ့ ပူဆွေးသောကတစ်ချို့ကို
ချစ်သူရဲ့ ရယ်သံချိုချိုလွင်လွင်လေးနဲ့ ကုစားပေးဖို့ပေါ့

မျက်လုံးလေးမှိတ်ထားပေးပါချစ်သူ.
ချစ်သူ့ရဲ့အာရုံထဲမှာ သက်ရောက်မှုတွေ ကင်းကွာနေတဲ့
ဒီလိုရှားပါးတဲ့ အခိုက်အတန့်လေးတစ်ခုမှာ
ချစ်သူရဲ့ နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့လေးနမ်းပြီး
တိုးတိုးလေးပြောခဲ့ချင်ပါတယ်…
...
...
မြတ်နိုးရပါတယ် ချစ်သူရယ်…
...
...

အလို…
ဘုရားကျောင်းက ခေါင်းလောင်းသံတစ်ချက်လွင့်မျောလာတယ်.
ကိုယ်သွားရတော့မယ် ချစ်သူရယ်..
ချစ်သူရဲ့ဘ၀လေး အေးချမ်းပျော်ရွှင်စေဖို့
သခင့်ဆီမှာ ကိုယ်ဆုတောင်းပေးမယ်နော်….
ထာဝရပေါ့…

ဆက်ဖတ်ရန်...

ရင်ခုန်သံဒိုင်ယာရီ

အမှတ်မထင်ဖြစ်ရပ်လေးတစ်ချို့ဟာ
ရင်ထဲမှာ တစ်သက်တာစွဲသွားတတ်တာမျိုးလေးတွေ
ရှိတတ်တယ်လို့ ပြောကြတယ်.
ဒါဆိုရင် ဒီနေ့ဖြစ်သွားတဲ့ အဖြစ်အပျက်လေးဟာ
တစ်ခုအပါအ၀င်ပဲလို့ ဆိုပါရစေ…

တကယ့်ကို အမှတ်မထင်ပါပဲ.

ထုံးစံအတိုင်းသွားသွားလာလာလုပ်နေခဲ့တယ်.
သူနဲ့လည်း အရင်ကတည်းက ရင်းနှီးနေခဲ့တယ်လို့ထင်တယ်.
တကယ်ဆို ကိုယ်ကသူ့ကို မြင်တောင်မြင်ဖူးသေးတာ မဟုတ်ဘူး
ဘယ်တော့မှလည်း တွေ့မယ်လို့ မတွေးထင်ခဲ့မိဘူး

သူငယ်ချင်းတစ်ယောက်ရဲ့ ကော်မန့်ကိုဖွင့်အကြည့်မှာ
သူ့မျက်ဝန်းတွေကို ဆုံတွေ့လိုက်ရတယ်.
လောကကြီးကို တဒင်္ဂလောက်မေ့သွားခဲ့ရတယ်
အေးချမ်းတဲ့ အကြည့်လေးတွေ
ဟန်ပါပါပြုံးနေတဲ့ နှုတ်ခမ်းလေးတွေ
ဖြောင့်စင်းတဲ့ နှာတံသွယ်လေးတွေ
ဝဲကျနေတဲ့ ဆံနွယ်လေးတွေရဲ့အောက်မှာ
ကိုယ့်ရဲ့ ရင်ခုန်သံတွေ ခေတ္တရပ်ဆိုင်းသွားခဲ့တယ်.

တကယ့်ကို အမှတ်မထင်ပါပဲ.

ရင်ခုန်သံရပ်သွားတာ တကယ်တော့ပိုခုန်ဖို့
အရှိန်ယူလိုက်တယ်လို့ ကိုယ်ထင်ပါတယ်.
တကယ်လည်းဟုတ်နေခဲ့တယ်လေ.
သူ့ပုံလေးကို ကြည့်ပြီး သတိပြန်ဝင်လာတဲ့အချိန်မှာ
ကိုယ့်ရဲ့နှလုံးသားက ရင်ဘတ်ရဲ့အပြင်ကိုတောင် ရောက်နေပြီ
ဦးတည်နေတဲ့ခြေလှမ်းလေးက သူရှိတဲ့နေရာကိုပေါ့



သူလှလား
ကိုယ်မသိဘူး
သူဟာအပြစ်ကင်းစင်သူတစ်ယောက်လား
ဒါလည်းကိုယ်မသိဘူး
သူ့မှာ ရည်ရွယ်ထားသူများရှိလား
ဒါကိုတော့ ကိုယ်မသိချင်ဘူး

ကိုယ်သိနေတာကတော့
သူ့အသံလေးက အေးချမ်းသိမ်မွေ့တယ်
သူ့မျက်နှာလေးက တည်ငြိမ်ရင့်ကျက်တယ်
သူ့ကဗျာလေးတွေက ရိုက်ခတ်ဖမ်းစားတယ်
သူ့စာလေးတွေက ညို့ယူဆွဲဆောင်တယ်.
ကိုယ်သူ့ကို ချစ်သွားပြီကွာ….

တကယ့်ကို အမှတ်မထင်ပါပဲ.



Paper ရေးဖို့စာမျက်နှာအသစ်ဖွင့်လိုက်တယ်.
သူ့နာမည်လေးကို မြတ်မြတ်နိုးနိုးလေး ရိုက်မိသွားတယ်
MPI ပရိုဂရမ်ရေးတော့ Message နေရာမှာ သူ့နာမည်လေးထည့်ရိုက်လိုက်တယ်.
ပရိုဆက်ဆာ ၈ ခု နဲ့ Run ပစ်လိုက်တယ်.
ချစ်ခြင်းရဲ့အမှတ်တရပေါ့လေ.
Parallel Machine ကြီးက သူ့နာမည်လေးကို တစ်ခုချင်း ပြန်လှမ်းပို့တယ်.
I love …. (Processer 1)
I adore … (Processer 2)
I am in love with … (Processer 3)
…..
…..
…..

တကယ့်ကို အမှတ်မထင်ပါပဲ.



ကိုယ်ကငယ်ငယ်လေးကတည်းက ယုံကြည်ချက်ပြင်းပြခဲ့တယ်
လိုချင်တာကို ရအောင်ယူဖို့အင်အားတွေကိုလည်း မွေးနေခဲ့သူတစ်ယောက်ပါ
မဖြစ်သင့်တာတစ်ချို့ဟာ မဖြစ်နိုင်ဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ
လာပြီးခိုလှုံနေတတ်တာကို အချိန်ရဲ့ရွေ့လျားမှုအောက်မှာ
တဖြည်းဖြည်းသိလာခဲ့ရတဲ့နောက်
ကိုယ်သိပ်ပြီးတော့ ဇွတ်တရွတ်မလုပ်ဖြစ်တော့ဘူး
ခုဖြစ်ရပ်မှာလည်း ကိုယ့်ရင်ဘတ်ထဲက တောင်းဆိုမှုတွေကို
အသိစိတ်တစ်ခုနဲ့ ပြန်ပြီးထိန်းချုပ်နေခဲ့လိုက်တယ်…



မင်းကို ကိုယ်သိပ်ချစ်သွားတယ်
ဒီကိစ္စမှာ အကြောင်းပြချက်သိပ်မရှိဘူး
ခ်စ္တယ္ဆုိတာ သခ်ာၤပုစၧာတစ္ပုဒ္လုိ
သက်သေပြနေရတဲ့ အရာမျိုးမှ မဟုတ်တာ
ဒီလိုပြယုဂ်မရှိတဲ့ ခံစားချက်အစိုင်အခဲအောက်မှာ
ကိုယ်တစ်ယောက်တည်းပဲ ရှိနေချင်တယ်
ဒါမင်းကို ကိုယ်မချစ်လို့မဟုတ်ဘူး
မင်းနဲ့ကိုယ် မဖြစ်သင့်ဘူးဆိုတာကို
အခိုင်အမာသိနေခဲ့လို့ပဲ…

ချစ်သူကို ချစ်ပါတယ်လို့ ပြောခွင့်မရတဲ့
ယောင်္ကျားတစ်ယောက်ရဲ့ ခံစားချက်မျိုးမှာ
စောင့်စည်းမှုတွေ၊ သိတတ်မှုတွေ ရှိနေတယ်ဆိုတာကို
ကျန်စစ်သားနဲ့ မဏိစန္ဒာတို့က သက်သေပြခဲ့ပြီးပါပြီ…
ဒါပေမယ့်ကွာ.
နှစ်ပေါင်းများစွာ ကိုယ်မြတ်မြတ်နိုးနိုးသိမ်းထားခဲ့တဲ့
တန်ဖိုးရှိတဲ့ စကားလေးတစ်ခွန်းကို
ဒီနေ့ဒီအချိန်မှ အားလုံးသိအောင် ပြောပြချင်ပါတယ်.

ကိုယ်မင်းကို သိပ်ချစ်သွားပြီကွာ….

တကယ့်ကို အမှတ်မထင်ပါပဲ.



ပြီးတော့လေ
ချစ်သူသိအောင် ပြောပြချင်ပါတယ်
ချစ်သူရဲ့ အရိပ်ကလေးတွေကို
တွေ့ပြီးပြီးချင်းခဏမှာပဲ
ကိုယ့်ရဲ့ စက်ထဲကို ကူးထည့်ပြီး
Screen Saver လုပ်ထားလိုက်တယ်
ဒါကိုတော့ ခွင့်လွှတ်ပေးပါနော် ချစ်သူ…

ချစ်သူမသိတဲ့ အချိန်တွေမှာတောင်
ချစ်သူခံစားတတ်တဲ့ သံစဉ်လေးတွေကို
ချစ်သူနဲ့အတူ ရှိနေသလိုမျိုး စိတ်ကူးထဲမှာမြင်ယောင်ပြီး
ချစ်မြတ်နိုးစွာ ကိုယ်နားထောင်နေတတ်တာ
ချစ်သူ ဘယ်တော့မှ သိမှာ မဟုတ်ပါဘူးလေ….

ဒီကဗျာလေးကို ကိုယ်ဘာလို့ရေးဖြစ်သွားတာလဲသိလား
ကိုယ့်ရင်ထဲမှာ သိပ်ကိုမွန်းကြပ်လာလို့ ထွက်ပေါက်တစ်ခုပေးလိုက်တာပါ.
ချစ်သူကိုချစ်မိတဲ့ ရင်ခုန်သံတွေကို ဒီကဗျာလေးနဲ့အတူ
ကိုယ်ထာဝရ မြှုပ်နှံပစ်လိုက်မှာပါ ချစ်သူရယ်...
ချစ်သူဘာမှ မငြိုငြင်ပါနဲ့နော်...



တကယ့်ကို အမှတ်မထင်ပါပဲ.

ဆက်ဖတ်ရန်...