ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတစ်ခုကို
ဆုံးရှုံးလိုက်ရတဲ့အခါ.......
တကယ်တော့မင်းဟာ ကိုယ့်အတွက်
ပြတိုက်ထဲက ဂန္ဓ၀င်ကျော်ကြား
စိတ္တဇ ပန်းချီကားတစ်ချပ်ပါကွယ်
မင်းရှေ့မှာခြေစုံရပ်
လေးလေးစားစား ဦးညွတ်မိတဲ့ကိုယ်ပါ
မင်းကိုနားလည်ဖို့ စိတ်ဝင်တစား အဖြေရှာရင်း
ချာချာလည်ခဲ့ရတဲ့နေ့တွေလည်းများလှပြီပေါ့..
ဒါပေမယ့်လေ
ကိုယ်ဟာမင်းကိုပိုင်ဆိုင်ဖို့ဆိုတာဝေးစွ
မင်းဆီကကျလာမယ့် ဖုန်မှုန့်တစ်မှုန့်ကိုတောင်
အမြတ်တနိုးကောက်သိမ်းဖို့အရေး
(၀င်ကြေးမပေးနိုင်တဲ့နေ့တွေများဆို)
တံတိုင်းကာထားတဲ့စည်းအပြင်က
ငေးယုံသာငေးခွင့်ရခဲ့တဲ့ဘ၀ပါ
တခါတခါ ကံအခွင့်ပေးလို့လူလစ်ခိုက်မှာ
မင်းမျက်နှာကိုအသာထိတို့ကြည့်ခွင့်ရတာမျိုးများရှိခဲ့ရုံနဲ့
နှစ်သိမ့်ကျေနပ်ခဲ့ရတဲ့သူပါ..
ဒါပေမယ့်
ဒါပေမယ့်ပေါ့ကွယ်..
တန်ဖိုးကြီးတဲ့မင်းနဲ့ မတန်တရာ
ကိုယ့်ရဲ့ဂေဟာနုံချာချာထဲ
မင်းယောင်မှားဝင်လာတောင်မှ
ချိတ်ထားဖို့ကိုယ့်မှာနေရာလွတ်မရှိတော့ပါ
တော်မ၀င် မကျော်ကြားပေမယ့်
ကိုယ့်ရဲ့အသက်လိုတန်ဖိုးထား
ကိုယ်ပိုင်လက်ရှိပန်းချီကားနေရာမှာလည်း
ဘယ်လိုမှပြောင်းလဲ မချိတ်ဆွဲနိုင်တာ...
အဲဒီလို..
(ပိုင်ဆိုင်ချင်မှုဆိုတာတွေနဲ့ ကင်းလွတ်တဲ့)
သီးသန့်ရင်ခုန်သံတွေကြား
ညင်ညင်သာသာလေးခံစားနေမိခိုက်
မင်းကိုသော့ခတ်အပိုင်သိမ်းထားမယ့်သူပေါ်လာ
အဝေးကတောင်မြင်ခွင့်မရတော့မှာ..တဲ့..
မထိုက်တန်တဲ့ပိုင်ရှင်ဖြစ်မှာပူမိတာ
ကိုယ့်နဲ့ဘာဆိုင်လို့လဲ...
ပြတိုက်ထဲမှာပဲမင်းကိုရှိနေစေချင်တာ
ကိုယ့်ရဲ့အတ္တလား...
အနုပညာမြောက်ပန်းချီကားဆိုတာ..
ကမ္ဘာပေါ်မှာ ဒီတစ်ကားထဲရှိတာမို့လား..
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွယ်..
.....
ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတစ်ခုဖြစ်ပေမယ့်
ဆုံးရှုံးလိုက်ရတဲ့အခါ.......
...
...
...
အ ကြာ ကြီး ၀မ်း နည်း မိ ဦး မှာ..။ ။
ပန်ဒိုရာ (၁၉ ဒီဇင်ဘာ ၂၀၀၅။ ၂၂း၂၀ နာရီ)
Wednesday, May 30, 2007
ဘေးလူ -၂ - (သို့မဟုတ်) ပြတိုက်ထဲကပန်းချီကား
Posted by အိမ့်ချမ်းမြေ့ at 3:27 PM 0 comments
Labels: မပန္ဒိုရာ
Sunday, May 27, 2007
ရင်ခွင်နန်း
ငါက မင်းအတွက် လှေလေးတစ်စင်းပါ
မင်းရဲ့ ဘ၀မြစ်ပြင်ကျယ်ကြီးကို ကူးဖြတ်ရာမှာ အဆင်ပြေစေဖို့
ငါ့ကို လိုသလို အသုံးချပါ
တစ်ဖက်ကမ်းကို ရောက်ရင်တော့ မင်းငါ့ကိုလှည့်မကြည့်နဲ့တော့နော်
ငါက မင်းအတွက် မီးပြတိုက်လေးတစ်ခုပါ
မင်းရဲ့ဘ၀အမောတွေထဲမှာ အမိုက်မှောင်တွေကို ဖယ်ရှားပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ပန်းတိုင်ကို မြင်သွားရင်တော့ မင်းငါ့ကိုမျက်ကွယ်ပြုခဲ့ပါတော့နော်
ငါက မင်းအတွက် တံတားလေးတစ်စင်းပါ
မင်းရဲ့ဟာကွက်တွေကို တေ့ဆက်ပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ ပြည့်စုံခြင်းတွေကို ရရှိသွားတဲ့တစ်နေ့ကျရင်တော့ မင်းငါ့ကို နင်းကန်ထွက်ခွာသွားပါတော့နော်
ငါက မင်းအတွက် အိမ်လေးတစ်လုံးပါ
မင်းရဲ့ မလုံခြုံမှုတွေကို ကာကွယ်ပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်ရှာတွေ့သွားရင်တော့ မင်းငါ့ရဲ့ရိပ်မြုံလေးကို
စွန့်ခွာသွားပါတော့နော်.
ငါက မင်းရင်ဘတ်ထဲက နှလုံးသားတစ်စုံ မဟုတ်ပေမယ့်
မင်းကတော့ ငါ့ရင်ဘတ်ထဲက အသက်ငွေ့နွေးနွေးလေးပါ
ငါမရှိလို့ မင်းဘာမှ မဖြစ်ပေမယ့်
မင်းမရှိရင်တော့ ငါ့ဘ၀ဟာ
နေမရှိတဲ့ကမ္ဘာ
ရေမရှိတဲ့မြစ်
ပန်းမပွင့်တဲ့ရဂုံပမာ ဖြစ်နေမှာမို့
ချစ်သူရယ်
အကြင်နာအလင်းတန်းလေးတွေ ဖြာဝေပေးပါ
ကြည်နူးမျက်ရည်များ သွန်းဖြိုးပေးပါ
လှိုက်ဖိုအနမ်းပန်းလေးများ မျှခြွေပေးပါ
ငံ့လင့်စောင့်မျှော်နေသူရဲ့
မမွှေးပျံ့တဲ့ အမိုက်မှောင်ကမ္ဘာကြီးထဲက
မြစ်ငယ်လေးတစ်စင်းအတွက်ပေါ့…
Posted by အိမ့်ချမ်းမြေ့ at 7:44 PM 0 comments
Labels: ရေခဲငှက်
Saturday, May 26, 2007
မုန်း
မျက်မာန်တော် ငြိုးပေမယ့်
အဆိုးမဆိုဝံ့ပါဘု ချစ်သူရယ်….။
သံယောဇဉ်ထား မှားမိသူမှာ
ချစ်မိတာကို မြိုသိပ်လို့
ကြိတ်မှိတ်ကာ အိပ်ပါတော့မယ်။
အပြစ်ယူလို့ မချစ်၊ ငြူစူသူရယ်
တစ်လက်စတည်းသာ မုန်း…
မုန်းလိုက် ပါတော့လားကွယ်…….။
Posted by အိမ့်ချမ်းမြေ့ at 12:03 PM 0 comments
Labels: နွေဦးပန်း
Friday, May 25, 2007
မင်္ဂလာနံနက်ခင်း ...
ခါတိုင်းလိုပဲ …
အိပ်ရာထဲက
နိုးထထချင်း
ပြတင်းကိုလှပ်
နံနက်ကို ကြို …
လောကကြီးကို ခွန်းဆက်
မင်္ဂလာနံနက် ဖြစ်ပါစေ … ။
ကောင်းကင်ထက်မှ
စက်စက်ကျနေ
မိုးစက်တွေဟာ
မြေကမ္ဘာကို
မျက်နှာသစ်ပေး
အညစ်အကြေးတွေ ဆေးကြောတယ်။
လန်းဆန်းနုနယ်
စံပယ်ဖြူဖွေး
ကြူကြူမွှေးက
ငြိမ်းအေးရနံ့
ထုံသင်းပျံ့စွာ ဝေဆာတယ်။
ရွက်နုစိမ်းဝေ
မိုးရေစိုစို
ကပိုကရို
ရှက်သွေးပိုတဲ့
အပျိုမလို အလှဖြာတယ်။
မိုးသောက်ရောင်ခြည်
အရှေ့ဆီမှ
ဝါနီအလင်း
အမှောင်ခွင်းကာ
ကမ္ဘာတလွှားကို ဖြန့်ခင်းတယ်။
သစ်ပင်ထက်မှာ
ငှက်ပြာတသင်း
တေးသီချင်းဆို
နေ့သစ်ဦးကို ကြိုကြတယ်။
ချစ်ခြင်း မုန်းခြင်း
ပြုံးခြင်း မဲ့ခြင်း
အလင်း မှောင်မဲ
ဒွန်တွဲဖြစ်ပျက်
ဆန့်ကျင်ဘက်များ
ရှိပါငြားလျက်
အလှမျက်စိ
*ယောနိသော-ထား
ရှုကြည့်ပွားလျှင်
မြင်မြင်သမျှ
လောကကြီးဟာ လှနေမယ်။
***
မင်္ဂလာရှိသော နံနက်ခင်း ပေါင်းများစွာ
ပိုင်ဆိုင်ရပါစေသား … ပိုင်ဆိုင်ကြပါစေသား … ။
Posted by အိမ့်ချမ်းမြေ့ at 9:39 PM 0 comments
Labels: မေဓာဝီ
Monday, May 21, 2007
လောက၌ ငါသည် ...
လောက၌ ငါသည် ...
မုန်းခြင်းအားဖြင့်လည်း လူတစ်ယောက်အား၊
ခိုက်ရန်ဒေါသမပွားလို။
ချစ်ခြင်းအားဖြင့်လည်း လူတစ်ယောက်အား၊
ချည်နှောင်မထားလို။
ဝန်တိုခြင်းအားဖြင့်လည်း
ရင်တွင်း မောဟမထားလို။
လွမ်းဆွတ်ခြင်းအားဖြင့်လည်း
ပူဆွေး ၀မ်းနည်းခြင်းမဖြစ်လို။
တမ်းတခြင်းအားဖြင့်လည်း
ရင်တွင်း သောကမရောက်လို။
အို .. ဘုရားသခင်
လောက၌ ငါသည် ...
ချစ်ခြင်း၊ မုန်းခြင်း အလျဉ်းကင်းသောသူ ဖြစ်ရပါလို၏ ။
Posted by အိမ့်ချမ်းမြေ့ at 8:19 PM 0 comments
Labels: ငယ်
ဂုဏ်ရည်မတူ
ပန်းကြိုက်သ'ူမလေး'ကိုလေ
မောင်စိုက်ကာလေထားပါတဲ့
ပန်းစံပယ်
လှမ်းမယ်လို့ကြံရွယ်ရှိတုန်း
'မလေး'ဆံကေသာထက်
ပန်းသဇင်ခက်က
လှောင်လို့ရယ်ပြုံး...........
Posted by အိမ့်ချမ်းမြေ့ at 8:11 PM 0 comments
Labels: မေ၁၅
Sunday, May 20, 2007
နာခံတော်သွင်း..
လမင်းရဲ့ ကြင်နာမှုနဲ့
ကြယ်စင်တွေမှိတ်တုတ်
မလှုပ်မယှက်နဲ့ မြက်ခင်းပြင်ပေါ်ပက်လက်
ခံစားချက်လေးတွေကို ပင့်သက်မောတွေနဲ့
နေရာချနေတဲ့ ညတစ်ညမှာ
ချစ်သူနဲ့တွေ့ခဲ့တယ်…
အဲဒီ့ညက လနှစ်စင်းအပြိုင်ထွန်းလင်းခဲ့တယ်
သိလားချစ်သူ…
ပျက်ယွင်းနေတဲ့ နှလုံးသား
လွဲမှားနေတဲ့ ဦးနှောက်နရီတွေကို
စီညီအောင် ဖေးကူမပေးခဲ့တဲ့
အဝေးက ချစ်သူရဲ့ အပြုံးပန်းနုရွရွလေးတွေကို
တွေးမိတိုင်း လွမ်းရပါတယ်..
ပြုံးနေပြီလားချစ်သူ…
ဥဒဟိုသွားလာလှုပ်ရှားနေတဲ့ လူတွေကြားထဲမှာ
ချစ်သူများပေါ်လာလေမလားလို့
လက်တွေ့မကျတဲ့ စိတ်ကူးအိပ်မက်တွေကို အဖော်ပြုရင်း
ဆွေးမြည့်ခံစားချက်တွေနဲ့ မျှော်နေမိတယ်
တွေဝေသွားလား ချစ်သူ…
`မောင်´
လို့ ပါးစပ်ကဖွင့်ဟမခေါ်ပေမယ့်
မျှော်လင့်မိသူကိုယ့်ရင်ထဲမှာ ချစ်သူရဲ့ခေါ်သံလေးကို
နွေးထွေးလှိုက်မောစွာခံစားမိနေပါတယ်
ခုမြင်နေရတဲ့ ကြယ်တာရာတွေကို သက်သေပြုပြီး
သစ္စာဆိုပြချင်ပါရဲံ့…
ယုံမှာလား ချစ်သူ…
ချစ်သူနဲ့မနီးတဲ့ ခရီးလမ်းတစ်နေရာကို နှင်နေတဲ့
ချစ်သူသိပ်ချစ်တဲ့ `မောင့်´ အတွက်
ချစ်သူကိုယ်တိုင် သီကုံးပေးတဲ့ ကဗျာပန်းလေးကို
ချစ်သူကိုယ်တိုင် ရွတ်ပြပေးတာကို နားဆင်ရင်း
လရောင်ရွှန်းပတဲ့ ဒီတစ်ညမှာ
`မောင်´ မှေးစက်ပါရစေ
လာခဲ့မှာလား ချစ်သူ…
Posted by အိမ့်ချမ်းမြေ့ at 10:40 PM 0 comments
Labels: ရေခဲငှက်
Saturday, May 19, 2007
ညကြောက်တဲ့သူ
အဲဒီလိုည …..
အိပ်မရတာ တော်တော်ကြာပေါ့
ဝင်လာထွက်သွား အိပ်မက်များရယ်
ဝိုးဝါးစိတ်မှာ ခြေရာထင်ချ မေ့မရတော့
ညဆိုရောက်မှာစိုးကြောက်လာ။
ဟော . ညမှောင်ဖြိုခွင်း မိုးလည်းလင်းပေါ့
အားတင်းလိုက်ပါမလေးရယ်..
Posted by အိမ့်ချမ်းမြေ့ at 8:34 PM 2 comments
Labels: မပန္ဒိုရာ
ခဏတာ
ပထမ သင်္ကြန်မှာ ဆုံတွေ့ ခဲ့ ၊
ဒုတိယ သင်္ကြန်မှာ နှလုံးသားဆုတောင်းပြည့်ခဲ့ ၊
တတိယ သင်္ကြန်မှာ ခွင့်လွှတ်ပါဆိုတဲ့စကားနဲ့ သူထွက်ခွာခဲ့ ၊
ခဏတာ တွေ့ ခဲ့ နှင်းစက်ရယ်
ထာဝရတွက် နွေအိပ်မက်နဲ့
မောင့်ကို အပြီးအပိုင် ထားရစ်ခဲ့ ။
Posted by အိမ့်ချမ်းမြေ့ at 8:32 PM 0 comments
Labels: မဂ်စ္တူး
Friday, May 18, 2007
ခေါ်သံ
ဟောဟိုးမှာ...
လင်းပွင့်လွင်ပြင်
ငြိမ်းချမ်းခြင်း ကောင်းကင်နဲ့
ကြာတွေပွင့်တဲ့ ကန်သာ
လိုက်ခဲ့ လာ...
ဒါပေမဲ့...
ခြေလေးစရာ
မိရိုးဖလာ ချပ်ဝတ်တန်ဆာတွေ ချွတ်ခဲ့
စိမ်းလက်တဲ့ မြက်ခင်းပြင်ထဲ
ရဲဝံ့စွာလျှောက်မယ်ဆို
ပေါ့ပါးဖို့ လိုတယ်လေ...
ပြီးရင်...
ပျော်ရွှင်ဖွယ်တေးတွေ သီကြွေးလို့
သွားစို့။
Posted by အိမ့်ချမ်းမြေ့ at 10:37 PM 0 comments
Labels: မေငြိမ်း
မောင်
မောင်....
စိတ်မစွဲလမ်းပဲ၊ လှပတဲ့ညတစ်ညမှာ
မောင့်ကိုအိပ်မက်တယ်မောင်..
ကြာခဲ့ပြီပဲ...
မတွေ့ ရတဲ့နှစ်တွေ၊ နှစ်မျောတသ
လွမ်းရတယ်မောင်....
နှုတ်ဆက်စကားတောင်၊ ပြောခွင့်မရခဲ့
တမ်းတတဲ့ခရေလဲ၊ မြေမှာကြွေလို့ 
ကောက်သူမဲ့ပြီလားမောင်...
မောင်ပေးတဲ့ခရေ...အနှစ်နှစ်ဆယ်ကျော်ကြာမယ်ဆိုလဲ
ကဗျာစာအုပ်ကြားရှိနေဦးမှာပါမောင်...
မောင်ဘယ်မြို့ ကိုပြောင်းသွားလဲ
ကျွန်မသိလိုက်ပြီမောင်..
အရက်တွေလဲသောက်တုန်းပဲဆို
ဘယ်လိုအငြိုးနဲ့  ကိုယ့်ကိုကိုယ်နှိပ်စက်
မရက်စက်ပါနဲ့  မောင်...
မောင့်ကိုသတိရလွမ်းတဲ့အကြောင်း
မောင်ကလွဲလို့ www တခုလုံးသာသိ
မောင်ဘယ်တော့မှ သိလိမ့်မယ်မဟုတ်ဘူးမောင်.......
ကြေကွဲရပါတယ်မောင်ရယ်....
Posted by အိမ့်ချမ်းမြေ့ at 6:53 PM 7 comments
Labels: အိမ့်ချမ်းမြေ့
သတ်ပုံမှားတဲ့ည
ပြန်လာမယ်ဆိုတဲ့အတွေးတွေနဲ့ပါ
ဟောဒိသန်းခေါင်ယံ ည ကလဲ
အမှောင်ကိုတွယ်ကတ်နေသေးတယ်
တရက်ပြီး တရက်မြန်မြန်ထွက်သွားကြစမ်းပါ
အပြင်းပြေ CD ခွေတွေတောင်တွားသွား
သက်ပြင်းတွေကတော့ဖြင့်သားနားနေပေါ့။
ကဗျာခဏခဏစပ်တာတောင်
သန်းခေါင်မလွှဲနိုင်တဲ့ ည
တချိန်လုံး (မျက်လုံး) မှိတ်ထားပေမယ့်
နာရီတရွေ့မှအိပ်မရခြင်းတွေနဲ့အတူ
၉၉ ခါမက စိတ်လေခဲ့ရတဲ့ ည
နာရီတွေနဲ့ငါ ဘယ်သူက သစ္စာမဲ့နေတာလဲ
ဟောဒီခေါက်ရိုးကျိုး အတွေးတွေနဲ့အတူ
အမှောင်ထုနဲ့ အခါခါရိုက်ပုတ်တဲ့ ညဲ့
အဲဒါ
မင်းကိုလွမ်းတဲ့ ည ပေါ့  " "။ ။ ။
Posted by အိမ့်ချမ်းမြေ့ at 1:09 PM 0 comments
Labels: Mr. Gout
"ည"
ည - ဒီညေပါ့ အိပ္မရခဲ့တာ
ကြေမွနေတဲ့ အတိတ်ဟောင်းကို
ဖြန့်ကြည့်ချင်တဲ့ ငါဟာ မှားနေခဲ့တယ်လေ။
ပင်လယ်ရေအရ သာကိုခံစားဖို့က
အုန်းစိမ်းရေ ထက်သာမယ် ထင်ခဲ့တာကိုး။
ခွင့်လွှတ်တယ်ဆိုတာ မင်းအတွက်
ငါ့ရဲ့တန်ဖိုးအကြီးဆုံး လက်ဆောင်ဘဲလေ။
ဒီတန်ဖိုးအတွက် ပေးဆပ်ခဲ့ရတဲ့ငါ့ရဲ့ ညတွေ
မင်းအိပ်ပျော် နေမှာပေါ့။
ရင်ထဲကခုန်နှုန်း ပေါက်ကွဲမဲ့မီးတောင်တစ်လုံးလို
တ၀ုန်းဝုန်းနဲ့ ဘင်သံတွေလိုညံနေခဲ့တယ်။
ထားပါတော့ ရှိစေတော့
မင်းချစ်ခဲ့တဲ့ငါဟာ မင်းချစ်တဲ့အချစ်နဲ့ဘဲ
မင်းချစ်တာကိုခံချင်ခဲ့သူပါ
ဒါကိုအတ္တလို့ခေါ်မလား?
ဒါဆိုငါလဲဒီည မအိပ်တော့ဘူး
မင်းအိပ်ပါတော့။ ။ ။
Posted by အိမ့်ချမ်းမြေ့ at 1:07 PM 0 comments
Labels: Mr. Gout
Thursday, May 17, 2007
မတွယ်ရစ်လိုသူပါခင်..
တကယ်ချစ်ပေမဲ့.. မတွယ်ရစ်လိုသူပါခင်..
မြိုသိပ်တွယ်ငင် အချစ်ဦးမို့ ..
နစ်စူးစွာချစ်ပေမဲ့ လွမ်းရေးကို ကြိုကာမြင်..
မခင်ပါနဲ့တော့လား..
ဒီတော့ကွယ်..
ဝေဒနာ ရင်မှာ မကျွှမ်းရင့်ရအောင်..
ပန်းပွင့်ကို လိပ်ပြာ မုန်းခဲ့တယ်…
ချစ်သူရယ် … မုန်းမေ့စေသား….
Posted by အိမ့်ချမ်းမြေ့ at 7:51 PM 0 comments
Labels: အမည်မသိ ရှေးစာဆို
အလွမ်းမိုး
ဒီနေ့မိုးတွေစွေနေတယ်...
ကောင်းကင်တစ်ခုလုံးအုံ့မှိုင်းနေတာပဲ..
တော်ရုံနဲ့မလွမ်းတတ်တဲ့ငါတောင်
မိုးရဲ့အငွေ့အသက်တွေကြားမှာ
လွမ်းမိပါရဲ့....
ဟော... ဟိုမှာတော့ခိုတစ်ကောင်
မိုးစက်တွေကြားမှာ
နားခိုရာမရှိ...
အထီးကျန်ပျံသန်းနေတယ်
သူ့ရဲ့ဦးတည်ရာ...
နွေးထွေးတဲ့ခိုလှုံရာကိုပေါ့..
ဟော...ဒီမှာတော့ ငါဆိုတဲ့လူတစ်ယောက်
လောကဓံကြားမှာ
နားခိုရာမရှိ....
အထီးကျန်ဖြတ်သန်းနေတယ်
ငါ့ရဲ့ဦးတည်ရာ...
နွေးထွေးတဲ့မင်းရှိရာကိုပေါ့...
Posted by အိမ့်ချမ်းမြေ့ at 12:14 AM 0 comments
Labels: ဘာညာ
လရောင်ဆမ်းမှ
လွမ်းခွင့်ရတာ
မဟုတ်ပါကွယ်
ဘယ်ကိုသွားသွား
ဘယ်နားရောက်ရောက်
ဘယ်လောက်ကြာကြာ
ဘယ်မှာတွေ့တွေ့
မွေ့မွေ့ငြိမ့်ငြိမ့်
သိမ့်သိမ့်ခံစား
အိပ်မက်များမှာ
ကျောက်သားလိုပဲစွဲကျန်နေ။
Posted by အိမ့်ချမ်းမြေ့ at 12:08 AM 0 comments
Labels: မပန္ဒိုရာ
Tuesday, May 15, 2007
အမေ (သို့) ငါ့ရဲ့ တမ်းချင်း
သူငယ်ချင်းရေ ...
ဥသြငှက်ငယ်ရဲ့
တေးသွားတွေနဲ့အတူ
ဝေ့၀ဲကျလာတဲ့ …
ရော်တမာတွေကို နှမျောတသ ငေးကြည့်ပြီးတော့
ဝမ်းနည်းစကားတွေဆိုကြရင်း
ဂီတရစ်သမ်တွေ သီကြူးခဲ့ဖူးတဲ့
တမာနံ့သင်း လမ်းကလေးနဲ့ …
ထနောင်း၊ တမာ၊ ဆူးဖြူဖြာယှက်
အမေ့ရင်ခွင့်ထက်မှာ
ပျော်ခဲ့ဖူးတဲ့ အချိန်တွေကို
မင်းသတိရသေးရဲ့လား…
သူငယ်ချင်းရေ …
မိုးရနံ့နဲ့
စိမ်းလန်းသစ်လွင်နေတဲ့
အမေ့ရင်ခွင်ထက်မှာ
အားသစ်တွေမွေးဖွား
ဘ၀အတွက် ..
ပညာနို့ရည်တွေ သောက်စို့ကြချိန်
မိုးစက်ပွင့်တွေကြားမှာ
တွဲလက်မဖြုတ်တမ်း လမ်းလျှောက်ကြရင်း
ကျောက်ကာလမ်းလေး တိုလွန်းတယ်လို့
မင်းပြောခဲ့ဘူးတာကို
သတိရသေးရဲ့လား …
သူငယ်ချင်းရေ ...
ခုချိန်မှာဆို
တို့ ခြေရာချင်းထပ်နေခဲ့တဲ့
တမာစီလမ်းလေးပေါ်မှာ
နှင်းဖွဲဖွဲလေးတွေ ဝေ့၀ဲလို့ပေါ့…
အတန်းမပြီးခင်
ကန်တင်း(န်)ကို ခိုးလစ်ပြီး
ကော်ဖီပူပူ အငမ်းမရ သောက်ခဲ့ကြတဲ့
အတိတ်က ဆောင်းနံနက်တွေကိုရော
မင်းသတိရသေးရဲ့လား….
သူငယ်ချင်းရေ …
ခင်တွယ်ရာ အဖော်မရှာပဲ
တူညီစွာ လွတ်လပ်ခဲ့တဲ့ တို့တစ်စု
ကဗျာတွေရေးကြ
ဘ၀၊ ဒဿန ဆိုတာတွေကို
စားပွဲထိုး ကောင်လေးတွေ ညိုငြင်လောက်အောင်
ရေနွေးကြမ်းတွေသောက်ရင်း ဆွေးနွေးကြနဲ့
တီးဆိုင်က ခုံပုလေးတွေကို ချစ်တတ်ကြလွန်းတာများ
အတန်းထဲက ကောင်မလေးတွေ ဟားကြတဲ့အထိပါပဲ….......
ဒါတွေကို မင်းအမှတ်ရသေးရဲ့လား ….
သူငယ်ချင်းရေ …
အမေ့ရင်ခွင်က ခွာထွက်ပြီး
တမာလမ်းပေါ်က ရော်ဝါတွေလို
(တို့တစ်တွေ)
တစ်နေရာဆီကို လွှင့်နေရချိန်မှာ
အတိတ်ခြေရာတွေက တမ်းတဖွယ်ဖြစ်နေတာကို
ကဗျာတွေနဲ့ အလွမ်းဖြေနေရင်းက
ပြန်မရတော့တဲ့အချိန်တွေ အတွေးရောက်တိုင်း
ရင်ခွင်ကို လှိုင်းခတ်နာကျင်စေခဲ့တယ်…….။
Posted by အိမ့်ချမ်းမြေ့ at 7:19 PM 0 comments
Labels: ညေလး
Monday, May 14, 2007
မောင်သိဖို့ 
တူနှစ်ကိုယ် တဲအိုပျက်မှာ
ထမင်းရည်သောက်ပြီး
ဘ၀ခရီးလျှောက်လှမ်းကြတာ
ရုပ်ရှင်ထဲမှာပါ ... မောင်
ဆူးခင်းလမ်းကို
ပန်းခင်းထားတယ်ထင်ပြီး
ပျော်ရွင်စွာလျှောက်လှမ်းကြတာလဲ
ဝတ္တုတွေထဲမှာပါ...မောင်
ဒါကြေင့်လေ...
သိပ်ချစ်ရတဲ့ မောင့် ကို
ချစ်လျက်နဲ့  စွန့် လွတ်ပါရစေ...မောင်
Posted by အိမ့်ချမ်းမြေ့ at 2:22 PM 1 comments
Labels: သမုဒယ
Good night မောင်
မောင်…
လရောင်သွန်းကျ..သိပ်လှတဲ့ညမှာ
အိပ်မောကျသွားပြီလားမောင်..
မောင်..
ဟန်ဆောင်မရ..ရင်ခုန်ရလို့
စို့လက်မျက်ရည်.. နွေတာရှည်လို
နှလုံးသားကိုကစား..
ဝေဒနာများတော့ မပေးပါနဲ့မောင်..
မောင်…
သန်းခေါင်ယံကြယ်မင်း.. တမ်းတရင်းနဲ့
အိပ်မောကျနေတဲ့.. မောင်မသိအောင်လှမ်း
ခန်းဆီးစမလို့…
ညံ့သက်အနမ်းလေး..ပေးလိုက်တယ်မောင်…
Posted by အိမ့်ချမ်းမြေ့ at 1:50 PM 0 comments
Labels: နွေဦးပန်း
အမေသို့......
အမေ....
အနန္တဂိုဏ်းဝင်ကျေးဇူးရှင်အမေ...
အမေတစ်ယောက်ကျန်းခမ်းသာလို့မာပါစေ...
ရပ်ဝေးမြေခြားမှာ ရောက်နေရပေမယ့်...
နေ့စဉ် ရှိခိုး ဦးချလျှက်ပါအမေ...
အမေ....
နံနက်မိုးလင်းတိုင်း သားသမီးတွေရဲ့မျက်နှာကို...
နေ့စဉ်သတင်းစာ ဖတ်သလိုကြည့်တတ်တဲ့အမေ...
အဝေးရောက်သားတစ်ယောက်ကို စိုးရိမ်မှု ပူပန်ဇောတွေနဲ့...
အမေတစ်ယောက် သောကရောက်နေမဲ့အဖြစ်မျိုးကို...
သား တစ်သက်လုံး ရှောင်ကြည်ပါ့မယ် အမေ...
အမေ....
တုနှိုင်းမရတဲ့မေတ္တာတရားတွေနဲ့...
သားသမီးတွေကို နွေးထွေးမှုပေးတဲ့ အမေ...
ခွင့်ခါသင့်တိုင်း ပြန်လည်ပေးဆပ်ဖို့...
သား ကြိုးစားပါ့မယ်...အမေ.....
အမေ....
လောကအလယ်မှာ ရှင်သန်နေထိုင်နိုင်အောင်...
ခွန်အားပေး..မွေးဖွားပေးခဲ့တဲ့အမေ...
အမေ့ရဲ့ကျေးဇူးတရားတွေကို...
အောက်မေ့...သတိရ...တမ်းတလျှက်ပါ..အမေ....
(အမေများနေ့ အမှတ်တရ..)
Posted by အိမ့်ချမ်းမြေ့ at 1:38 PM 0 comments
Labels: ကိုကျော်ဇေယျ
တိမ်တိုက်ငယ်ရဲ့ မှတ်တမ်း
တိမ်တိုက်ငယ်တစ်ခု လွင့်မျောနေလေရဲ့ ။
တစ်ခါတစ်လေ ကစင့်ကလျားနဲ့ 
ပြန့် ကျဲသွားတတ်တယ်။
တစ်ခါတစ်လေ ကြယ်နဲ့ လတွေကို ဖုံးအုပ်ထားတယ်။
တစ်ခါတစ်လေ မျက်မှောင်ကုတ်လို့ 
အလင်းအုပ်ထားတယ်။
တစ်ခါတစ်လေ ပူလောင်တဲ့ နေမင်းကို
ကာကွယ်ပေးပြန်တယ်။
တစ်ခါတစ်လေ သည်းကြီးမည်းကြီး
အငြိုးကြီးစွာ ခုန်ဆင်းလာတယ်။
ဒါပေမဲ့…….လေပြင်းဝှေ့ လိုက်ရုံနဲ့ 
သူမှာလွင့်မျောရရှာတယ်။
Posted by အိမ့်ချမ်းမြေ့ at 1:29 PM 0 comments
Labels: ရည်မွန်
တွယ်ရာမဲ့
တစ်ခါတစ်ရံ
ကာရန်မဲ့သော
အတွေးများချဲ့ …
ယိုင်နဲ့စိတ်လွင့်
မျောခွင့်ပေးလျင်
တွေးယာဉ်ကြောဟာ
မင်းဆီမှာပဲ
စွဲကပ်မည်ထင်…
လွန်စွာငေါင်ခိုက်
ညမှောင်မိုက်မှာ
သံသာခြွေနိုး
မျှော်ကိုးရင်းနဲ့
ဟင်လင်းရင်တွင်
နာကျင်လွမ်းလျက်
အိပ်စက်နေ့ကူး
မထူး ရူှးှဆဲ… ။ ။
Posted by အိမ့်ချမ်းမြေ့ at 1:10 PM 0 comments
Labels: မိုးနှောင်းဆောင်းငယ်
ပုန်းရှောင်သူသို့ခွင့်ပန်လွှာ
ကြင်ပါနဲ့တော့လား.
ဝေဒနာရင်မှာ ရင့်ကာကျွမ်းပြီးသားမို့
လွမ်းချင်သူသက်သက်ဝမ်းနည်းစေခဲ့တယ်.
ချစ်သူရယ်
ရက်စက်နိုင်အား...
နှင်ပါနဲ့တော့လား.
အစဉ်သာရက်ဆက် စောင့်ခဲ့သူမို့
ပုန်းရှောင်သူငွေလ၀န်းကို မျှော်မိတယ်
ချစ်သူရယ်.
မေ့ဖျောက်နိုင်အား...
ပြင်ပါနဲ့တော့လား
ရှင်မကွာဆုတောင်းအားနည်းသူမို့
ဝေးစေသူကံကြမ္မာကို ငြိုးမိတယ်
ချစ်သူရယ်.
စိမ်းရက်လေအား…
ရှောင်ပါနဲ့တော့လား
မှောင်ကမ္ဘာမှာ ရှည်ကြာနေခဲ့ရသူမို့
လင်းစေသူရှင်နေမင်းကိုမျှော်ကိုးမိတယ်
ချစ်သူရယ်.
တိမ်းရက်လေအား...
Posted by အိမ့်ချမ်းမြေ့ at 1:05 PM 0 comments
Labels: ရေခဲငှက်
သခင့်ထံပါးမှ ထာဝရချစ်သူ
တိုးညှင်းတဲ့ရင်ခုန်သံလေးတွေ စုစည်းပေါင်းစပ်ပြီး
ကိုယ့်ရဲ့ အသိအာရုံကို ထိန်းချုပ်ဖို့ ကြိုးစားလာကြတယ်..
နေ့စဉ်လှုပ်ရှားနေတဲ့ နိစ္စဒူဝဖြစ်စဉ်တွေထဲမှာ
ချစ်သူအတွက် ကဗျာလှလှလေးတွေ
ရေးစပ်ဖို့ အချိန်လေးတစ်ခုဝင်လာခဲ့တယ်ချစ်သူရယ်..
ချစ်သူကို ပွင့်လင်းစွာချစ်ခွင့်ရချင်ပါတယ်.
ချစ်သူစိုးရွံ့မှာကိုလည်း စိတ်မကောင်းဖြစ်ရပါတယ်.
ချစ်သူနဲ့ ကိုယ်ကြားမှာ မကျော်နိုင်တဲ့ အဆီးအတားတစ်ခုရှိနေတယ်
ချစ်သူမလိုလားတဲ့ ဖြစ်ရပ်မျိုးကိုလည်း ကိုယ်မဖန်တီးချင်ပါဘူးကွယ်…
ချစ်သူမသိစေချင်တဲ့ လျှို့ဝှက်ချက်တွေကို ကိုယ်သိအောင် ကြိုးစားမိခဲ့တယ်.
ဒါဟာလည်း ချစ်သူရင်ထဲက ပြောမပြဖြစ်တဲ့ နာကျင်မှုတွေကို ကုစားပေးချင်လို့ပါ.
ကိုယ်ဒီလိုကြိုးစားမိလို့ ချစ်သူ့ရင်ကို ပိုနာကျင်မိသွားစေလားဟင်
ဒါဆိုရင်တော့ ကိုယ့်ရဲ့ရင်ဘတ်ကို ကျောပြင်အဖြစ်ပြောင်းလိုက်ပါမယ်ချစ်သူရယ်..
ကိုယ့်ရင်ထဲက အချစ်တွေကို ချစ်သူ မသိချင်နေပါ.
ကိုယ့်ဆင်ခြင်တုံတရားရဲ့ ကျဆုံးမှုကိုလည်း ချစ်သူ မမြင်ချင်နေပါ.
ကိုယ့်ရဲ့သံယောဇဉ်နဲ့တွယ်တာမှုကိုတော့ ပြက်ရယ်မပြုပါနဲ့နော်…
ကြည့်ပါချစ်သူ
မေပယ်လ်ပင်လေးတွေ အနီတစ်ဝက်အ၀ါတစ်ဝက်နဲ့
ကိုယ့်ချစ်သူရဲ့ ခြေလှမ်းလေးကြွအလာကို ၀ပ်တွားခစားနေကြတယ်.
နားထောင်ပါချစ်သူ
ဆီဒါပင်လေးတွေကို လေတိုးနေတဲ့အသံလေးတွေထဲမှာ
ချစ်သူမြတ်နိုးတဲ့ သံစဉ်လေးတွေ စီးမျောနေတယ်.
ခံစားပါချစ်သူ
ချစ်သူရဲ့မျက်ဝန်းလေးပေါ်မှာ ဖြာဆင်းနေတဲ့ နေခြည်နုထွေးလေးတွေမှာ
ချစ်သူအပေါ်ထားတဲ့ ကိုယ့်မေတ္တာရဲ့ နွေးထွေးမှုလေးတွေ ပျော်ဝင်နေတယ်.
ငိုလိုက်ပါချစ်သူ
မေတ္တာလိုအပ်နေတဲ့ အားနည်းသူလေးတွေအတွက်
ချစ်သူရဲ့ နှလုံးသားထဲက ကိုယ်ချင်းစာတရားလေးကို ဖော်ကျူးပေးနိုင်ဖို့ပေါ့
ပြုံးလိုက်ပါချစ်သူ
မှောင်မိုက်နေတဲ့ ဒဏ်ရာနေ့ဟောင်းလေးတွေ
အားအင်သစ်နဲ့အတူ ပြန်လည်နိုးထလာနိုင်ဖို့ပေါ့.
ရီလိုက်ပါချစ်သူ
ကမ္ဘာလောကကြီးရဲ့ ပူဆွေးသောကတစ်ချို့ကို
ချစ်သူရဲ့ ရယ်သံချိုချိုလွင်လွင်လေးနဲ့ ကုစားပေးဖို့ပေါ့
မျက်လုံးလေးမှိတ်ထားပေးပါချစ်သူ.
ချစ်သူ့ရဲ့အာရုံထဲမှာ သက်ရောက်မှုတွေ ကင်းကွာနေတဲ့
ဒီလိုရှားပါးတဲ့ အခိုက်အတန့်လေးတစ်ခုမှာ
ချစ်သူရဲ့ နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့လေးနမ်းပြီး
တိုးတိုးလေးပြောခဲ့ချင်ပါတယ်…
...
...
မြတ်နိုးရပါတယ် ချစ်သူရယ်…
...
...
အလို…
ဘုရားကျောင်းက ခေါင်းလောင်းသံတစ်ချက်လွင့်မျောလာတယ်.
ကိုယ်သွားရတော့မယ် ချစ်သူရယ်..
ချစ်သူရဲ့ဘ၀လေး အေးချမ်းပျော်ရွှင်စေဖို့
သခင့်ဆီမှာ ကိုယ်ဆုတောင်းပေးမယ်နော်….
ထာဝရပေါ့…
Posted by အိမ့်ချမ်းမြေ့ at 1:04 PM 1 comments
Labels: ရေခဲငှက်
ရင်ခုန်သံဒိုင်ယာရီ
အမှတ်မထင်ဖြစ်ရပ်လေးတစ်ချို့ဟာ
ရင်ထဲမှာ တစ်သက်တာစွဲသွားတတ်တာမျိုးလေးတွေ
ရှိတတ်တယ်လို့ ပြောကြတယ်.
ဒါဆိုရင် ဒီနေ့ဖြစ်သွားတဲ့ အဖြစ်အပျက်လေးဟာ
တစ်ခုအပါအ၀င်ပဲလို့ ဆိုပါရစေ…
တကယ့်ကို အမှတ်မထင်ပါပဲ.
ထုံးစံအတိုင်းသွားသွားလာလာလုပ်နေခဲ့တယ်.
သူနဲ့လည်း အရင်ကတည်းက ရင်းနှီးနေခဲ့တယ်လို့ထင်တယ်.
တကယ်ဆို ကိုယ်ကသူ့ကို မြင်တောင်မြင်ဖူးသေးတာ မဟုတ်ဘူး
ဘယ်တော့မှလည်း တွေ့မယ်လို့ မတွေးထင်ခဲ့မိဘူး
သူငယ်ချင်းတစ်ယောက်ရဲ့ ကော်မန့်ကိုဖွင့်အကြည့်မှာ
သူ့မျက်ဝန်းတွေကို ဆုံတွေ့လိုက်ရတယ်.
လောကကြီးကို တဒင်္ဂလောက်မေ့သွားခဲ့ရတယ်
အေးချမ်းတဲ့ အကြည့်လေးတွေ
ဟန်ပါပါပြုံးနေတဲ့ နှုတ်ခမ်းလေးတွေ
ဖြောင့်စင်းတဲ့ နှာတံသွယ်လေးတွေ
ဝဲကျနေတဲ့ ဆံနွယ်လေးတွေရဲ့အောက်မှာ
ကိုယ့်ရဲ့ ရင်ခုန်သံတွေ ခေတ္တရပ်ဆိုင်းသွားခဲ့တယ်.
တကယ့်ကို အမှတ်မထင်ပါပဲ.
ရင်ခုန်သံရပ်သွားတာ တကယ်တော့ပိုခုန်ဖို့
အရှိန်ယူလိုက်တယ်လို့ ကိုယ်ထင်ပါတယ်.
တကယ်လည်းဟုတ်နေခဲ့တယ်လေ.
သူ့ပုံလေးကို ကြည့်ပြီး သတိပြန်ဝင်လာတဲ့အချိန်မှာ
ကိုယ့်ရဲ့နှလုံးသားက ရင်ဘတ်ရဲ့အပြင်ကိုတောင် ရောက်နေပြီ
ဦးတည်နေတဲ့ခြေလှမ်းလေးက သူရှိတဲ့နေရာကိုပေါ့
သူလှလား
ကိုယ်မသိဘူး
သူဟာအပြစ်ကင်းစင်သူတစ်ယောက်လား
ဒါလည်းကိုယ်မသိဘူး
သူ့မှာ ရည်ရွယ်ထားသူများရှိလား
ဒါကိုတော့ ကိုယ်မသိချင်ဘူး
ကိုယ်သိနေတာကတော့
သူ့အသံလေးက အေးချမ်းသိမ်မွေ့တယ်
သူ့မျက်နှာလေးက တည်ငြိမ်ရင့်ကျက်တယ်
သူ့ကဗျာလေးတွေက ရိုက်ခတ်ဖမ်းစားတယ်
သူ့စာလေးတွေက ညို့ယူဆွဲဆောင်တယ်.
ကိုယ်သူ့ကို ချစ်သွားပြီကွာ….
တကယ့်ကို အမှတ်မထင်ပါပဲ.
Paper ရေးဖို့စာမျက်နှာအသစ်ဖွင့်လိုက်တယ်.
သူ့နာမည်လေးကို မြတ်မြတ်နိုးနိုးလေး ရိုက်မိသွားတယ်
MPI ပရိုဂရမ်ရေးတော့ Message နေရာမှာ သူ့နာမည်လေးထည့်ရိုက်လိုက်တယ်.
ပရိုဆက်ဆာ ၈ ခု နဲ့ Run ပစ်လိုက်တယ်.
ချစ်ခြင်းရဲ့အမှတ်တရပေါ့လေ.
Parallel Machine ကြီးက သူ့နာမည်လေးကို တစ်ခုချင်း ပြန်လှမ်းပို့တယ်.
I love …. (Processer 1)
I adore … (Processer 2)
I am in love with … (Processer 3)
…..
…..
…..
တကယ့်ကို အမှတ်မထင်ပါပဲ.
ကိုယ်ကငယ်ငယ်လေးကတည်းက ယုံကြည်ချက်ပြင်းပြခဲ့တယ်
လိုချင်တာကို ရအောင်ယူဖို့အင်အားတွေကိုလည်း မွေးနေခဲ့သူတစ်ယောက်ပါ
မဖြစ်သင့်တာတစ်ချို့ဟာ မဖြစ်နိုင်ဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ
လာပြီးခိုလှုံနေတတ်တာကို အချိန်ရဲ့ရွေ့လျားမှုအောက်မှာ
တဖြည်းဖြည်းသိလာခဲ့ရတဲ့နောက်
ကိုယ်သိပ်ပြီးတော့ ဇွတ်တရွတ်မလုပ်ဖြစ်တော့ဘူး
ခုဖြစ်ရပ်မှာလည်း ကိုယ့်ရင်ဘတ်ထဲက တောင်းဆိုမှုတွေကို
အသိစိတ်တစ်ခုနဲ့ ပြန်ပြီးထိန်းချုပ်နေခဲ့လိုက်တယ်…
မင်းကို ကိုယ်သိပ်ချစ်သွားတယ်
ဒီကိစ္စမှာ အကြောင်းပြချက်သိပ်မရှိဘူး
ခ်စ္တယ္ဆုိတာ သခ်ာၤပုစၧာတစ္ပုဒ္လုိ
သက်သေပြနေရတဲ့ အရာမျိုးမှ မဟုတ်တာ
ဒီလိုပြယုဂ်မရှိတဲ့ ခံစားချက်အစိုင်အခဲအောက်မှာ
ကိုယ်တစ်ယောက်တည်းပဲ ရှိနေချင်တယ်
ဒါမင်းကို ကိုယ်မချစ်လို့မဟုတ်ဘူး
မင်းနဲ့ကိုယ် မဖြစ်သင့်ဘူးဆိုတာကို
အခိုင်အမာသိနေခဲ့လို့ပဲ…
ချစ်သူကို ချစ်ပါတယ်လို့ ပြောခွင့်မရတဲ့
ယောင်္ကျားတစ်ယောက်ရဲ့ ခံစားချက်မျိုးမှာ
စောင့်စည်းမှုတွေ၊ သိတတ်မှုတွေ ရှိနေတယ်ဆိုတာကို
ကျန်စစ်သားနဲ့ မဏိစန္ဒာတို့က သက်သေပြခဲ့ပြီးပါပြီ…
ဒါပေမယ့်ကွာ.
နှစ်ပေါင်းများစွာ ကိုယ်မြတ်မြတ်နိုးနိုးသိမ်းထားခဲ့တဲ့
တန်ဖိုးရှိတဲ့ စကားလေးတစ်ခွန်းကို
ဒီနေ့ဒီအချိန်မှ အားလုံးသိအောင် ပြောပြချင်ပါတယ်.
ကိုယ်မင်းကို သိပ်ချစ်သွားပြီကွာ….
တကယ့်ကို အမှတ်မထင်ပါပဲ.
ပြီးတော့လေ
ချစ်သူသိအောင် ပြောပြချင်ပါတယ်
ချစ်သူရဲ့ အရိပ်ကလေးတွေကို
တွေ့ပြီးပြီးချင်းခဏမှာပဲ
ကိုယ့်ရဲ့ စက်ထဲကို ကူးထည့်ပြီး
Screen Saver လုပ်ထားလိုက်တယ်
ဒါကိုတော့ ခွင့်လွှတ်ပေးပါနော် ချစ်သူ…
ချစ်သူမသိတဲ့ အချိန်တွေမှာတောင်
ချစ်သူခံစားတတ်တဲ့ သံစဉ်လေးတွေကို
ချစ်သူနဲ့အတူ ရှိနေသလိုမျိုး စိတ်ကူးထဲမှာမြင်ယောင်ပြီး
ချစ်မြတ်နိုးစွာ ကိုယ်နားထောင်နေတတ်တာ
ချစ်သူ ဘယ်တော့မှ သိမှာ မဟုတ်ပါဘူးလေ….
ဒီကဗျာလေးကို ကိုယ်ဘာလို့ရေးဖြစ်သွားတာလဲသိလား
ကိုယ့်ရင်ထဲမှာ သိပ်ကိုမွန်းကြပ်လာလို့ ထွက်ပေါက်တစ်ခုပေးလိုက်တာပါ.
ချစ်သူကိုချစ်မိတဲ့ ရင်ခုန်သံတွေကို ဒီကဗျာလေးနဲ့အတူ
ကိုယ်ထာဝရ မြှုပ်နှံပစ်လိုက်မှာပါ ချစ်သူရယ်...
ချစ်သူဘာမှ မငြိုငြင်ပါနဲ့နော်...
တကယ့်ကို အမှတ်မထင်ပါပဲ.
Posted by အိမ့်ချမ်းမြေ့ at 12:53 PM 0 comments
Labels: ရေခဲငှက်
တိတ်တခိုး
တိတ်တခိုးဆိုတဲ့ နာမည်နဲ့ ကဗျာတွေ အများကြီးရှိကြတဲ့ အထဲက တစ်ပုဒ်လို့သာ မှတ်လိုက်ပါနော်။
(မလေး အတွက်..)
တကယ်တမ်းမတော့
မရွယ်ပန်းတစ်ပွင့်ပန်ဆင်။
အလှမ်းပြင် ဘ၀င်ဇောရယ်နဲ့
မနွမ်းခင် လိုချင်မောပါပေါ့
စောစောကသာမြင်လိုက်ချင်။
ကိုယ့်ဘ၀ကိုယ်ဆင်ခြင်
မျှော်မြင်ကာ ဘ၀င်ကျရသူမို့
တော်ဝင်စရာ ဟိုပင်အလှဆီက
သခင့်ဘ၀နှင့်မတန်သေး။
အလှမ်းသင့်ရာ
ပန်းတစ်ပွင့်သာ တော်သလို ဆွတ်ပြီးသူမို့
ညွတ်မိသူသခင်အရိပ်မှာ
တိတ်တိတ်အသာရှိုက်ရတယ်
ရင်လှိုက်ကာမွှေး။ ။
Posted by အိမ့်ချမ်းမြေ့ at 12:30 PM 1 comments
Labels: မပန္ဒိုရာ
“ၾကိဳး”
အေနာက္ဘက္ဆီ
နေခြည်ဖြိုးဖျ၊ မှောင်ရီစပြီ
အိမ်ဝတံခါး၊ ခြံဝင်းနားမှာ
လာသွားခေါက်ပြန်၊ ရင်ခုန်မြန်ခဲ့
ရွှင်ပြန်ခဏ၊ပြုံးစမျက်နှာ
လူတွေ့မှာစိုး၊ ရယ်ပုန်းခိုးရင်း
့မြတ်နိုးခုံမင်၊ ပြင်ဆင်ချက်နွှေး
မွှေးပျံ့ငွေ့လူ၊ ညစာပူလည်း
သူရောက်ချိန်နှင့်၊ အဆင်သင့်လေ
ခင့်စေတနာ၊ ထင်ဟပ်မှာလား
ပါးပြင်နီသွေး၊ ရှက်ပူနွေးမိ။
နာရီကြည့်ကြည့်၊ မော့မိမိလေ
ထိထိလှုပ်လှုပ်၊ လက်များဆုတ်ကိုင်
ရောက်ချိန်တိုင်လို့၊ လာနိုင်ပါလည်း
မည်းမည်းမှောင်ပိတ်၊ ဟိုလမ်းထိပ်က
အရိပ်မှုန်ဝါး၊ သူလေလားလို့
ထင်မှားမိမော၊ စိတ်လည်းစောခဲ့။
လလည်းမသာ၊ ကြယ်ပြာမလင်း
ညမင်းရင့်ရော်၊ ပြန်ချိန်ကျော်ပေါ့
ရိုက်ဆော်တီးခတ်၊ အပ်ကြောင်းထပ်ပြန်၊
နာရီသံများ၊ စိတ်ချောက်ခြားမိ
ဘုရားရှေ့မှောက်၊ ဆုပန်ရောက်ရင်း
ဘေးကင်းရန်ကွာ၊ သူပြန်လာဖို့
ခါခါသက်ပြင်း၊ စိတ်ကိုတင်းရ။
သြော်... လွန်လှပြီကွယ်၊ ဘယ်ဆီရယ်လို့
ဘယ်လိုကျိုးကြောင်း၊ မပြောကောင်းလား
နှောင်းပေါ့ညစာ၊အေးစက်မာပြီ
စိတ်နာဒေါသ၊မီးတစ်စဖြစ်
ရင်ဝလှိုက်ပူ၊ ဘလောင်ဆူမိ
သူဒီလြိုဖင့်၊ မကြာသင့်လေ
ဖွင့်ဟမြည်တမ်း၊ ခင့်နှုတ်ခမ်းလည်း
ယောင်ရမ်းကိုက်ခဲ၊ သွေးချင်းရဲပေါ့။
ဟော..
ပြောရင်းဒီမှာ၊ သူပြန်လာပြီ
ခြေရာကြွကြွ၊ ပြုံးစစနဲ့
အိမ်ဝတံခါး၊ရောက်ပြီလားဟင်
စကားကွယ်ချို့၊ နှုတ်ဝဆို့ပြီ
ဘယ်သို့ဘယ်ဖြင့်၊ မပြောနှင့်စဉ်
သခင့်ရင်ထက်၊ ခေါင်းကွယ်ဝှက်ရင်း
မက်မက်ရှိုက်ငင်ငိုမိသည် ။ ။
Posted by အိမ့်ချမ်းမြေ့ at 12:29 PM 0 comments
Labels: မပန္ဒိုရာ
ဂျစ်တူးနှင့် အတ္တ
အတ္တတဲ့...
ခွာချလိုက်ရတာ
ပြက္ခဒိန်တွေပဲ ကွာကျခဲ့ ။
အတ္တတဲ့...
လောင်ကျွမ်းနေလိုက်တာ
ငြိမ်းသတ်ဖို့ ရေတောင် မလောက်ခဲ့ ။
အတ္တတဲ့...
လှောင်ပြုံးရီနေလိုက်တာ
မုန်းစရာ မခိုးမခန့်နဲ့ ။
ငါကတော့... သူနဲ့ စစ်ခင်းနေဆဲ ။
Posted by အိမ့်ချမ်းမြေ့ at 12:27 PM 0 comments
Labels: မဂ်စ္တူး
ရည်ရွယ်ချက်မဲ့ ဒေါသကြီးသူများ
-ဗျို့ ဆရာဝန်ကြီး.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
ဆေးကုမဲ့သူမရှိလို့ သေဘို့စောင့် နေသူတွေ အများကြီး..
-ဗျို့ ဗိသုကာပညာရှင်ကြီး.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
တိုက်အဖြစ် ဘယ်တော့များမှ ပြောင်းရမလဲလို့ စောင့်နေတဲ့
တဲတွေ လည်ပင်းရှည် နေလေရဲ့..
-ဗျို့ စက်မှုအင်္ဂျင်နီယာကြီး.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
လယ်ထွန်ရတာ တော်တော်မောတယ်လို့ နွားတွေက ပြောနေကြပြီ..
-ဗျို့ ဓါတုဗေဒပညာရှင်ကြီး.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
ရေသန့်လို့ တံဆိပ်ကပ်ထားတာနဲ့
မယုံ့ တယုံ သောက်နေရသူတွေ တပုံကြီး..
-ဗျို့ လျှပ်စစ်စွမ်းအားအင်္ဂျင်နီယာကြီး.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
အနုပညာဆန်ဆန် သွယ်တန်းထားတဲ့ ဓါတ်ကြိုးတွေက
ခင်ဗျားကို လွှမ်းတယ်တဲ့..
လျှပ်စစ်မမြင် ဘူးသေးတဲ့လူတွေကလည်း မသေခင်
ဓါတ်ကြိုးအနုပညာလေးတော့ ခံစားချင်ပါသေးတယ်တဲ့..
-ဗျို့ ကျောင်းဆရာ.. ဘယ်သွားမလို့လဲဗျာ.
ဒီနေရာမှာ..
ဆရာမရှိ မိမိအလိုလို တတ်တယ်ဆိုတဲ့သူတွေတော့ မရှိဘူးဗျ..
-ဗျို့ IT ပညာရှင်ကြီး.. ဘယ်သွားမလို့လဲဗျာ.
အော်. မေ့လို့ သွားသွား ခင်ဗျားကိုမလိုသေးဘူး..
ဒီနေရာမှာ..
စက်မှုတော်လှန်ရေး ခုမှစတာ..
-ဗျို့ စာရေးဆရာ.. ဘယ်သွားမလို့လဲဗျာ.
အော်.. ခင်ဗျားလည်း သွားရင်သွားပါ..
ဒါပေမဲ့.. အင်္ဂလိပ်စာမတတ်သူတွေကပြောတယ်..
ခင်ဗျားဘာတွေ ရေးနေတာလည်းတဲ့..
-ဗျို့.. ခင်ဗျားဘယ်သူလည်း ? ဒီမှာဘာလုပ်နေတာလဲ ?
ဗျာ ? ………………. ဘာ? …………
အော်သိပြီ…
ဒါဆို သွားတော့.. ဒိုးတော့.. လစ်တော့..
ဝေးဝေးကြီးမှာ ပြေးသေလိုက်တော့...
(ခေါင်းမာတယ်.. ဒီလောက်ပြောတာတောင် ပေကတ်ကတ်နဲ့)
-နေသာတဲ့ တနေ့ ပြန်လာမယ် မပြောပါနဲ့..
ခင်ဗျားတို့ လာမှ နေသာရမဲ့ ဒီနေရာပါ..
လောလောဆယ်တော့
ဒီနေရာမှာ..
ဆာလောင်နေတဲ့ ၀မ်းဗိုက်တွေရှိတယ်..
မျှော်လင့်နေတဲ့ မျက်ဝန်းတွေရှိတယ်..
ပန်းတိုင်ပျောက်နေတဲ့ ကလေးတွေရှိတယ်..
-ဗျာ.. လေသံမာတယ်…
ကျနော် ဘာကောင်လဲ…
ဟုတ်လား…
ကျနော် တစ္ဆေတကောင်ပါ.....
ဟုတ်တယ်.. တစ္ဆေတကောင်……….
သချို င်္င်းအဖျက် ခံရတဲ့ တစ္ဆေတကောင်ဗျ !!!!! ………
Posted by အိမ့်ချမ်းမြေ့ at 12:25 PM 0 comments
Labels: ကုိတက္စ္လာ
Traveller
ဒီဘက္မွာ..
စိမ်းလန်းလှပတဲ့ တောအုပ်ကြီးတွေရှိပေမဲ့
အချိန်တခုခုရောက်ရင်တော့ ခြောက်သွေ့မယ်တဲ့…
ဒီဘက်မှာ..
ရိုးသားခြင်း ဖြူစင်ခြင်း နဲ့
အပူပင်ကင်းခြင်းတွေရှိပေမဲ့
ကလေးဘ၀ကပဲ ခပ်များများပိုင်ဆိုင်တာတဲ့..
ဒီဘက်မှာ..
ချစ်ခြင်း၊ ပျော်ရွှင်ခြင်း နဲ့ အောင်မြင်ခြင်း တွေရှိပေမဲ့
မုန်းခြင်း၊ ၀မ်းနည်းခြင်း နဲ့ ကျရှုံးခြင်းတွေ လည်းပြန်ဖြစ်လာမှာတဲ့..
ဒီဘက်မှာ..
အံ့မခန်း နည်းပညာတွေ ရှိပေမဲ့
လူတွေကို အပျင်းထူစေသတဲ့..
ဒီဘက်မှာ..
ငွေကြေးစည်းစိမ်တွေကို ခံစားနိုင်ခွင့်ပေးထားပေမဲ့
ပွဲပြီးရင်တော့ထားခဲ့ရမှာတဲ့..
ဒီဘက်မှာ..
တောင်တွေ ချိုင့်ဝှမ်းတွေ ပြည့်နေတယ်
ရယ်သံတွေ ငိုသံတွေက လေထုထဲမှာ ကြိတ်ကြိတ်တိုးတုန်း..
အမဲလိုက်ကပွဲ ဆင်နွဲ နေတဲ့ တောအုပ်ကြီးလည်းရှိတယ်
ပန်းတွေက မကြွှေခင်အထိတော့ လှပစွာပွင့်တုန်း..
အမြင်တွေနဲ့ ယုံကြည်မှုကို အသက်သွင်းထားတဲ့
အရာဝတ္တု တခုစီတိုင်းမှာ ကုန်ဆုံးရက်စွဲတွေ သေသေချာချာ ကပ်ထားတယ်
ပုပ်သိုး ဆွေးမြေ့မှုတွေက ဒေါင့်တနေရာမှာ လျစ်လျူရှုခံရတုန်း..
ဒေါသ၊ လောဘနဲ့ မောဟတွေကို တလှဲ့စီ စားသုံးတယ်
နွားတွေက ဆီဆုံကိုအထပ်ထပ်ပတ်ပြီး ကြိတ်တုန်း..
ဟိုဘက်မှာ..
ဟိုဘက်မှာ..
ဟိုဘက်မှာတော့ တခုပဲ ရှိတယ်..
အနတ္တတဲ့..
Posted by အိမ့်ချမ်းမြေ့ at 12:19 PM 0 comments
Labels: ကုိတက္စ္လာ
မြေခပန်း
ချစ်သူ . . .
ရှင်မွှေးလွန်းနဲ့မင်းနန္ဒာဇာတ်သိမ်းကို ပြင်ပေးဖို့
ငယ်ငယ်က အမေဆီမှာတောင်းဆိုဘူးတယ်
ခွန်ဆန်လောနဲ့နန်းဦးပြင် ဇာတ်သိမ်းကို
ပြင်ရေးလို့ စာမေးပွဲလဲကျခဲ့ဘူးတယ်
ရှိတ်စပီးယားသာ ငါ့အဖိုးဖြစ်ခဲ့ရင်
ယိုမီရိုနဲ့ဂျူးလိယက် ဇာတ်သိမ်းကိုပြင်ခိုင်းမိမှာပဲ
ချစ်သူ . . .
မင်းနဲ့ဝေးတဲ့ငါ့ရင်မှာ အလွမ်းတွေဝေနေတယ်
အဲဒီအလွမ်းတွေသာ ပန်းတွေဖြစ်ခဲ့မယ်ဆိုရင်
အဲဒီပန်းတွေကို မင့်ခေါင်းမှာပန်ပေးလိုက်ချင်ပါတယ်
ချစ်သူ . . .
အဲဒီပန်းတွေက . . .
သဇင်လို တော်မ၀င်ဘူး
ကျူးလစ်လို အရောင်သွေးမစုံဘူး
ရနံ့ကလဲ မွှေးချင်မှမွှေးမယ်
ဒါပေမယ့် ကိုယ်ပေးတဲ့ပန်းက ရာနှုန်းပြည့်ဖြူစင်ပါတယ်
ချစ်သူ . . .
အဆင့်ချင်းမတူလို့ မနမ်းရှိုက်လိုလဲ
အမိုက်သရိုက်လို မြေမှာချနင်းလိုက်ပါ
နင်းခြေသူကို စူးစေမဲ့
နှင်းဆီလိုဆူးမျိုးလဲ ငါ့အလွမ်းတွေမှာတပ်မထားပါဘူး
လေအလာမှာမြေခတဲ့ ကြွေကျပေးမဲ့ခရေလိုပန်းမျိုးပါ
ချစ်သူ . . .
လေအလာမှာ ကြွေကျတဲ့ခရေလို
ငါ့အချစ်တွေ မြေခကုန်ပြီ
နင်းလိုကနင်း ပန်လိုကပန်
ချစ်သူ . . .
တကယ်တော့ငါ
နင်ဘ၀ထဲကို ဗီဇာမပါဘဲဝင်ခဲ့သူလေ
Posted by အိမ့်ချမ်းမြေ့ at 12:15 PM 0 comments
Labels: ကိုစိုးေဇယ်
အမြဲစိမ်း
စိမ်းကားဖယ်ရှောင်
စိမ်းသယောင်ယိမ်း
စိမ်းခွာတိမ်းသော်
စိမ်းတော်မူစမ်း
စိမ်းရောင်လွှမ်းကာ
စိမ်းမာနနဲ့
စိမ်းသာပြတော့
စိမ်းကမ္ဘာက
စိမ်းဇာချသူ …။
Posted by အိမ့်ချမ်းမြေ့ at 12:12 PM 0 comments
Labels: ကိုခေလွန်း
အပြာရောင်ပိတောက်
အဲဒီ
ပြာလဲ့နေတဲ့ ပိတောက်ပင်အောက်မှာ ..
ဆွံ့အနေတဲ့ စကားသံတွေ ရှိတယ် ..
ဟောင်ဖွာဟောင်ဖွာမုသာဝါဒတွေလည်း ရှိတယ်။
တိတ်တဆိတ်လဲလျောင်းနေတဲ့ လမ်းမကြီး ရှိတယ် ..
မာကျူရီတွေလင်းထိန်နေတဲ့ လမ်းမကြီးလည်း ရှိတယ်။
ဆေးကြောခံလိုက်ရတဲ့ သွေးစက်တွေရှိတယ် ..
နောင်တမရတဲ့ သားသတ်သမားတွေလည်း ရှိတယ်။
အခိုးခံလိုက်ရတဲ့ လွတ်လပ်မှုတွေ ရှိတယ် ..
ဇိမ်ကျနေတဲ့ အနိုင်ကျင့်မှုတွေလည်း ရှိတယ်။
ထိုးကျွေးလိုက်ရတဲ့ ညစာတွေ ရှိတယ် ..
မျက်လှည့်အပြခံလိုက်ရတဲ့ ငွေစက္ကူတွေလည်း ရှိတယ်။
လုယက်ခံလိုက်ရတဲ့ ရိုးသားခြင်းတွေ ရှိတယ် ..
သိလျက်နဲ့မိုက်တဲ့ ကလိန်ကကျစ်စရိုက်တွေလည်း ရှိတယ်။
အသံမမှန်တော့တဲ့ ဂစ်တာတစ်လက် ရှိတယ် ..
ပီပီသသကြေညာနေတဲ့ ရေဒီယိုသတင်းတွေလည်း ရှိတယ်။
ဘယ်သူ့ကိုမှမပေးဖြစ်တဲ့ အရာတစ်ချို့ ရှိတယ် ..
ဘယ်သူမှမသိနိုင်တဲ့ အဝေးကြီးကအိပ်မက်တစ်ချို့လည်း ရှိတယ်။
သေချာတာကတော့
အဲဒီ
ပြာလဲ့နေတဲ့ ပိတောက်ပင်အောက်မှာ ..
အ၀ါရောင်ပိတောက်တွေ အရင်ကလို ပြန့်ကျဲမနေဘူးဆိုတာပဲ။
Posted by အိမ့်ချမ်းမြေ့ at 12:10 PM 0 comments
Labels: ကိုခေလွန်း
မင်းနဲ့ငါ
မင်းကအနောက်အရပ်ဆို
ငါကအရှေ့အရပ် ဒီလိုနဲ့
တို့နှစ်ယောက်ဘဝ
ဒီမြေပေါ်မှာတင်
နေထွက်နေဝင် လွဲခဲ့တာကြာပြီ။
ငါလက်နှစ်ဘက် ဆန့်ထုတ်ထားလည်း
ရွှေလင်ဗန်းက ရောက်မလာဘူး..
ဝိုင်တစ်ခွက် ဂစ်တာတစ်လက်နဲ့ပဲ
အရုဏ်တက်တော့မယ်။
မင်းပြိုမှာကြောက်တဲ့ “ငါ”
ယုန်တစ်ကောင်ပါ
မင်း မငြိုလိုက်ပါနဲ့၊
ငါ့ညမှာတော့
ကဝေသံညံနေတုန်းပဲ။
Posted by အိမ့်ချမ်းမြေ့ at 12:07 PM 0 comments
Labels: ကိုဒီဝိုင်း
အမှတ်တမဲ့
မှော်ဝင်တဲ့ ကြယ်စင်
သင့်ထံကို မြားတစ်စင်းပစ်လိုက်တယ်
ငါ့ကောင်းကင် လင်းလိုလင်းငြား။
အက်နေတဲ့ ရင်ခွင်မြစ်
သင့်ထံကို သံစဉ်လောင်းထည့်လိုက်တယ်
ငါ့ဝိဥာဉ် နိုးလိုနိုးငြား။
ဒဏ်ရာရ လွမ်းသစ်ပင်
သင့်ထံကို နေခြည်သွန်းလင်းလိုက်တယ်
ငါ့ရင်ခွင် ရှင်လိုရှင်ငြား။
Posted by အိမ့်ချမ်းမြေ့ at 12:06 PM 0 comments
Labels: ကိုဒီဝိုင်း
ဘူတာနဲ့ ရထား
တစ်စင်းပြီးတစ်စင်း
ဆိုက်ကပ်
ထွက်ခွာ
သြော်…..
ငါ့ဘူတာအိုတောင်
အသက်ရနေပြီ။
မင်းကတော့ ပြေးလွှားဆဲ
ဘူတာတွေ့တိုင်း ဆိုက်မယ်ဆိုတဲ့
အတွေးနဲ့....
ကပ်ချင်ကပ် ခွာချင်ခွာ
အားလုံးမင်းသဘောပါ
ဒါပေမယ့်
ငါ့အဖြူရောင် ဘူတာ
မစွန်းထင်းပါစေနဲ့။
အတိတ်၊
ပစ္စုပ္ပန်၊
အနာဂတ်၊
အနိုင်၊ အရှုံး
အားလုံး ဒီသံလမ်းပေါ်မှာပြေးလွှား
မျက်လှည့်ပြသလိုပါလား....
မင်းနောက်ကျောမှာ
မှတ်တိုင်တွေ ကြက်ခြေခတ်တွေချန်ခဲ့
အချိန်တန်ရင်တော အေးမြတဲ့ဘူတာမှာ
မင်း...မှေးစက်နိုင်ပါစေ။
အဆုံးမရှိတဲ့
ဒီမျဉ်းပြိုင်တွေပေါ်မှာ
ဝိဥာဉ်မခမ်းသရွေ့
ဆက်ခုတ်နေဦးပေါ့။
Posted by အိမ့်ချမ်းမြေ့ at 12:01 PM 0 comments
Labels: ကိုဒီဝိုင်း