ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတစ်ခုကို
ဆုံးရှုံးလိုက်ရတဲ့အခါ.......
တကယ်တော့မင်းဟာ ကိုယ့်အတွက်
ပြတိုက်ထဲက ဂန္ဓ၀င်ကျော်ကြား
စိတ္တဇ ပန်းချီကားတစ်ချပ်ပါကွယ်
မင်းရှေ့မှာခြေစုံရပ်
လေးလေးစားစား ဦးညွတ်မိတဲ့ကိုယ်ပါ
မင်းကိုနားလည်ဖို့ စိတ်ဝင်တစား အဖြေရှာရင်း
ချာချာလည်ခဲ့ရတဲ့နေ့တွေလည်းများလှပြီပေါ့..
ဒါပေမယ့်လေ
ကိုယ်ဟာမင်းကိုပိုင်ဆိုင်ဖို့ဆိုတာဝေးစွ
မင်းဆီကကျလာမယ့် ဖုန်မှုန့်တစ်မှုန့်ကိုတောင်
အမြတ်တနိုးကောက်သိမ်းဖို့အရေး
(၀င်ကြေးမပေးနိုင်တဲ့နေ့တွေများဆို)
တံတိုင်းကာထားတဲ့စည်းအပြင်က
ငေးယုံသာငေးခွင့်ရခဲ့တဲ့ဘ၀ပါ
တခါတခါ ကံအခွင့်ပေးလို့လူလစ်ခိုက်မှာ
မင်းမျက်နှာကိုအသာထိတို့ကြည့်ခွင့်ရတာမျိုးများရှိခဲ့ရုံနဲ့
နှစ်သိမ့်ကျေနပ်ခဲ့ရတဲ့သူပါ..
ဒါပေမယ့်
ဒါပေမယ့်ပေါ့ကွယ်..
တန်ဖိုးကြီးတဲ့မင်းနဲ့ မတန်တရာ
ကိုယ့်ရဲ့ဂေဟာနုံချာချာထဲ
မင်းယောင်မှားဝင်လာတောင်မှ
ချိတ်ထားဖို့ကိုယ့်မှာနေရာလွတ်မရှိတော့ပါ
တော်မ၀င် မကျော်ကြားပေမယ့်
ကိုယ့်ရဲ့အသက်လိုတန်ဖိုးထား
ကိုယ်ပိုင်လက်ရှိပန်းချီကားနေရာမှာလည်း
ဘယ်လိုမှပြောင်းလဲ မချိတ်ဆွဲနိုင်တာ...
အဲဒီလို..
(ပိုင်ဆိုင်ချင်မှုဆိုတာတွေနဲ့ ကင်းလွတ်တဲ့)
သီးသန့်ရင်ခုန်သံတွေကြား
ညင်ညင်သာသာလေးခံစားနေမိခိုက်
မင်းကိုသော့ခတ်အပိုင်သိမ်းထားမယ့်သူပေါ်လာ
အဝေးကတောင်မြင်ခွင့်မရတော့မှာ..တဲ့..
မထိုက်တန်တဲ့ပိုင်ရှင်ဖြစ်မှာပူမိတာ
ကိုယ့်နဲ့ဘာဆိုင်လို့လဲ...
ပြတိုက်ထဲမှာပဲမင်းကိုရှိနေစေချင်တာ
ကိုယ့်ရဲ့အတ္တလား...
အနုပညာမြောက်ပန်းချီကားဆိုတာ..
ကမ္ဘာပေါ်မှာ ဒီတစ်ကားထဲရှိတာမို့လား..
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွယ်..
.....
ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတစ်ခုဖြစ်ပေမယ့်
ဆုံးရှုံးလိုက်ရတဲ့အခါ.......
...
...
...
အ ကြာ ကြီး ၀မ်း နည်း မိ ဦး မှာ..။ ။
ပန်ဒိုရာ (၁၉ ဒီဇင်ဘာ ၂၀၀၅။ ၂၂း၂၀ နာရီ)
Wednesday, May 30, 2007
ဘေးလူ -၂ - (သို့မဟုတ်) ပြတိုက်ထဲကပန်းချီကား
Posted by
အိမ့်ချမ်းမြေ့
at
3:27 PM
0
comments
Labels: မပန္ဒိုရာ
Sunday, May 27, 2007
ရင်ခွင်နန်း
ငါက မင်းအတွက် လှေလေးတစ်စင်းပါ
မင်းရဲ့ ဘ၀မြစ်ပြင်ကျယ်ကြီးကို ကူးဖြတ်ရာမှာ အဆင်ပြေစေဖို့
ငါ့ကို လိုသလို အသုံးချပါ
တစ်ဖက်ကမ်းကို ရောက်ရင်တော့ မင်းငါ့ကိုလှည့်မကြည့်နဲ့တော့နော်
ငါက မင်းအတွက် မီးပြတိုက်လေးတစ်ခုပါ
မင်းရဲ့ဘ၀အမောတွေထဲမှာ အမိုက်မှောင်တွေကို ဖယ်ရှားပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ပန်းတိုင်ကို မြင်သွားရင်တော့ မင်းငါ့ကိုမျက်ကွယ်ပြုခဲ့ပါတော့နော်
ငါက မင်းအတွက် တံတားလေးတစ်စင်းပါ
မင်းရဲ့ဟာကွက်တွေကို တေ့ဆက်ပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ ပြည့်စုံခြင်းတွေကို ရရှိသွားတဲ့တစ်နေ့ကျရင်တော့ မင်းငါ့ကို နင်းကန်ထွက်ခွာသွားပါတော့နော်
ငါက မင်းအတွက် အိမ်လေးတစ်လုံးပါ
မင်းရဲ့ မလုံခြုံမှုတွေကို ကာကွယ်ပေးဖို့
ငါ့ကို လိုသလို အသုံးချပါ
မင်းရဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်ရှာတွေ့သွားရင်တော့ မင်းငါ့ရဲ့ရိပ်မြုံလေးကို
စွန့်ခွာသွားပါတော့နော်.
ငါက မင်းရင်ဘတ်ထဲက နှလုံးသားတစ်စုံ မဟုတ်ပေမယ့်
မင်းကတော့ ငါ့ရင်ဘတ်ထဲက အသက်ငွေ့နွေးနွေးလေးပါ
ငါမရှိလို့ မင်းဘာမှ မဖြစ်ပေမယ့်
မင်းမရှိရင်တော့ ငါ့ဘ၀ဟာ
နေမရှိတဲ့ကမ္ဘာ
ရေမရှိတဲ့မြစ်
ပန်းမပွင့်တဲ့ရဂုံပမာ ဖြစ်နေမှာမို့
ချစ်သူရယ်
အကြင်နာအလင်းတန်းလေးတွေ ဖြာဝေပေးပါ
ကြည်နူးမျက်ရည်များ သွန်းဖြိုးပေးပါ
လှိုက်ဖိုအနမ်းပန်းလေးများ မျှခြွေပေးပါ
ငံ့လင့်စောင့်မျှော်နေသူရဲ့
မမွှေးပျံ့တဲ့ အမိုက်မှောင်ကမ္ဘာကြီးထဲက
မြစ်ငယ်လေးတစ်စင်းအတွက်ပေါ့…
Posted by
အိမ့်ချမ်းမြေ့
at
7:44 PM
0
comments
Labels: ရေခဲငှက်
Saturday, May 26, 2007
မုန်း
မျက်မာန်တော် ငြိုးပေမယ့်
အဆိုးမဆိုဝံ့ပါဘု ချစ်သူရယ်….။
သံယောဇဉ်ထား မှားမိသူမှာ
ချစ်မိတာကို မြိုသိပ်လို့
ကြိတ်မှိတ်ကာ အိပ်ပါတော့မယ်။
အပြစ်ယူလို့ မချစ်၊ ငြူစူသူရယ်
တစ်လက်စတည်းသာ မုန်း…
မုန်းလိုက် ပါတော့လားကွယ်…….။
Posted by
အိမ့်ချမ်းမြေ့
at
12:03 PM
0
comments
Labels: နွေဦးပန်း
Friday, May 25, 2007
မင်္ဂလာနံနက်ခင်း ...
ခါတိုင်းလိုပဲ …
အိပ်ရာထဲက
နိုးထထချင်း
ပြတင်းကိုလှပ်
နံနက်ကို ကြို …
လောကကြီးကို ခွန်းဆက်
မင်္ဂလာနံနက် ဖြစ်ပါစေ … ။
ကောင်းကင်ထက်မှ
စက်စက်ကျနေ
မိုးစက်တွေဟာ
မြေကမ္ဘာကို
မျက်နှာသစ်ပေး
အညစ်အကြေးတွေ ဆေးကြောတယ်။
လန်းဆန်းနုနယ်
စံပယ်ဖြူဖွေး
ကြူကြူမွှေးက
ငြိမ်းအေးရနံ့
ထုံသင်းပျံ့စွာ ဝေဆာတယ်။
ရွက်နုစိမ်းဝေ
မိုးရေစိုစို
ကပိုကရို
ရှက်သွေးပိုတဲ့
အပျိုမလို အလှဖြာတယ်။
မိုးသောက်ရောင်ခြည်
အရှေ့ဆီမှ
ဝါနီအလင်း
အမှောင်ခွင်းကာ
ကမ္ဘာတလွှားကို ဖြန့်ခင်းတယ်။
သစ်ပင်ထက်မှာ
ငှက်ပြာတသင်း
တေးသီချင်းဆို
နေ့သစ်ဦးကို ကြိုကြတယ်။
ချစ်ခြင်း မုန်းခြင်း
ပြုံးခြင်း မဲ့ခြင်း
အလင်း မှောင်မဲ
ဒွန်တွဲဖြစ်ပျက်
ဆန့်ကျင်ဘက်များ
ရှိပါငြားလျက်
အလှမျက်စိ
*ယောနိသော-ထား
ရှုကြည့်ပွားလျှင်
မြင်မြင်သမျှ
လောကကြီးဟာ လှနေမယ်။
***
မင်္ဂလာရှိသော နံနက်ခင်း ပေါင်းများစွာ
ပိုင်ဆိုင်ရပါစေသား … ပိုင်ဆိုင်ကြပါစေသား … ။
Posted by
အိမ့်ချမ်းမြေ့
at
9:39 PM
0
comments
Labels: မေဓာဝီ
Monday, May 21, 2007
လောက၌ ငါသည် ...
လောက၌ ငါသည် ...
မုန်းခြင်းအားဖြင့်လည်း လူတစ်ယောက်အား၊
ခိုက်ရန်ဒေါသမပွားလို။
ချစ်ခြင်းအားဖြင့်လည်း လူတစ်ယောက်အား၊
ချည်နှောင်မထားလို။
ဝန်တိုခြင်းအားဖြင့်လည်း
ရင်တွင်း မောဟမထားလို။
လွမ်းဆွတ်ခြင်းအားဖြင့်လည်း
ပူဆွေး ၀မ်းနည်းခြင်းမဖြစ်လို။
တမ်းတခြင်းအားဖြင့်လည်း
ရင်တွင်း သောကမရောက်လို။
အို .. ဘုရားသခင်
လောက၌ ငါသည် ...
ချစ်ခြင်း၊ မုန်းခြင်း အလျဉ်းကင်းသောသူ ဖြစ်ရပါလို၏ ။
Posted by
အိမ့်ချမ်းမြေ့
at
8:19 PM
0
comments
Labels: ငယ်
ဂုဏ်ရည်မတူ
ပန်းကြိုက်သ'ူမလေး'ကိုလေ
မောင်စိုက်ကာလေထားပါတဲ့
ပန်းစံပယ်
လှမ်းမယ်လို့ကြံရွယ်ရှိတုန်း
'မလေး'ဆံကေသာထက်
ပန်းသဇင်ခက်က
လှောင်လို့ရယ်ပြုံး...........
Posted by
အိမ့်ချမ်းမြေ့
at
8:11 PM
0
comments
Labels: မေ၁၅
Sunday, May 20, 2007
နာခံတော်သွင်း..
လမင်းရဲ့ ကြင်နာမှုနဲ့
ကြယ်စင်တွေမှိတ်တုတ်
မလှုပ်မယှက်နဲ့ မြက်ခင်းပြင်ပေါ်ပက်လက်
ခံစားချက်လေးတွေကို ပင့်သက်မောတွေနဲ့
နေရာချနေတဲ့ ညတစ်ညမှာ
ချစ်သူနဲ့တွေ့ခဲ့တယ်…
အဲဒီ့ညက လနှစ်စင်းအပြိုင်ထွန်းလင်းခဲ့တယ်
သိလားချစ်သူ…
ပျက်ယွင်းနေတဲ့ နှလုံးသား
လွဲမှားနေတဲ့ ဦးနှောက်နရီတွေကို
စီညီအောင် ဖေးကူမပေးခဲ့တဲ့
အဝေးက ချစ်သူရဲ့ အပြုံးပန်းနုရွရွလေးတွေကို
တွေးမိတိုင်း လွမ်းရပါတယ်..
ပြုံးနေပြီလားချစ်သူ…
ဥဒဟိုသွားလာလှုပ်ရှားနေတဲ့ လူတွေကြားထဲမှာ
ချစ်သူများပေါ်လာလေမလားလို့
လက်တွေ့မကျတဲ့ စိတ်ကူးအိပ်မက်တွေကို အဖော်ပြုရင်း
ဆွေးမြည့်ခံစားချက်တွေနဲ့ မျှော်နေမိတယ်
တွေဝေသွားလား ချစ်သူ…
`မောင်´
လို့ ပါးစပ်ကဖွင့်ဟမခေါ်ပေမယ့်
မျှော်လင့်မိသူကိုယ့်ရင်ထဲမှာ ချစ်သူရဲ့ခေါ်သံလေးကို
နွေးထွေးလှိုက်မောစွာခံစားမိနေပါတယ်
ခုမြင်နေရတဲ့ ကြယ်တာရာတွေကို သက်သေပြုပြီး
သစ္စာဆိုပြချင်ပါရဲံ့…
ယုံမှာလား ချစ်သူ…
ချစ်သူနဲ့မနီးတဲ့ ခရီးလမ်းတစ်နေရာကို နှင်နေတဲ့
ချစ်သူသိပ်ချစ်တဲ့ `မောင့်´ အတွက်
ချစ်သူကိုယ်တိုင် သီကုံးပေးတဲ့ ကဗျာပန်းလေးကို
ချစ်သူကိုယ်တိုင် ရွတ်ပြပေးတာကို နားဆင်ရင်း
လရောင်ရွှန်းပတဲ့ ဒီတစ်ညမှာ
`မောင်´ မှေးစက်ပါရစေ
လာခဲ့မှာလား ချစ်သူ…
Posted by
အိမ့်ချမ်းမြေ့
at
10:40 PM
0
comments
Labels: ရေခဲငှက်