Wednesday, July 11, 2007

ယုံကြည်ပါ

ငါ သစ်ပင်ဖြစ်ချင်တယ်
"…. "မောရင် ငါ့အရိပ်အောက်မှာ
အပန်းဖြေဖို့ရယ်
အထီးကျန်တဲ့ ခံစားချက်တွေနားထောင်ပေးဖို့ရယ်
...သစ်ရွက်သံစဉ်တွေနဲ့
ချွေးသိပ်ဖို့ရယ်..
"…."အလိုရှိတယ်ဆို ငါ့အရိပ်ကို
တစ်ဘဝစာ မိုးပေးချင်တာပါ…
သစ်တစ်ပင်ဖြစ်ဖို့အတွက်
နှုတ်ခမ်းတစ်စုံရဲ့ ဒဏ်ကိုတော့ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ….သစ်ပင်ပါ…

ငါ….ခရေတစ်ပွင့်ဖြစ်ချင်တယ်
သွေးလွှမ်းတဲ့စိန်တွေ မကြိုက်တဲ့ "…."အတွက်
ကြယ်တွေခူးပြီး ခရေ တစ်ကုံးပေးချင်တယ်
"…."အတွက်ဆို ငါ့ခရေကအမြဲမွှေးပျံ့စေရမယ်..
ဘဝအမောတွေ ကြုံတိုင်း
ခရေအနမ်းတွေနဲ့ လန်းဆန်းစေရမယ်…
ငါ ခရေတစ်ပွင့်ဖြစ်ဖို့အတွက်
"….."ကေသာရဲ့နူးညံ့မှုဒဏ်ကိုတော့ ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ….ခရေတစ်ပွင့်ပါ….

ငါ….ဆော်လမွန်တစ်ကောင်ဖြစ်ချင်တယ်
ဝက်ဝံနဲ့ သိမ်းငှက်တွေ
အရိုးခိုက်တဲ့ ရေခဲချောင်းရေချိုတွေကြား
အရာအားလုံးကို အံတုပြီး
"…."ရှိမယ့်ကမ်းစပ်ကို အရောက်ပြန်လာမှာပါ
နူးညံ့သိမ်မွေ့လွန်းတဲ့
"….."အကြည့်ဒဏ်ကိုတော့ ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ….ဆော်လမွန်တစ်ကောင်ပါ…

ငါ…မိုးစက်ပွင့်ဖြစ်ချင်တယ်….
ဒီ ဘဝကန္တရထဲ
"….."လက်ကိုဆွဲပြီး
တို့ ထွက်သက်ကို အတူတူ
ရှိုက်ကြရအောင်ပါ
နွေးထွေးလွန်းတဲ့
"….." ရဲ့ရယ်သံချိုတွေ ဒဏ်ကိုတော့ ငါခံနိုင်ရမယ်
ဒါပေမယ့်…
ငါ…မိုးစက်ပွင့်ပါ…

ယုံကြည်ပါ "…." ရယ်....

No comments: