တစ်ခါတစ်ရံ စိတ်ပင်ပန်း ၀မ်းနဲမှုတွေကြားမှာ
မင်းရဲ့ ကဗျာလေးတွေ၊ စာလေးတွေက
ငါ့ဘ၀ကို နွေးထွေးစေခဲ့တယ်။
တစ်ခါတစ်ရံတော့လဲ
မင်းရဲ့ သံယောဇဉ်စကားသံလေးတွေဟာ
ငါ့ကို ဟိုးစည်းတွေဘောင်တွေအပြင်ဘက်က ဝေဟင်ကျယ်ကြီးထဲကို ဆွဲခေါ်သွားတတ်တယ်။
တစ်ခါတစ်ရံတော့လဲ
မင်းရဲ့ ဂရုစိုက်မှုလေးတွေက ငါ့နှလုံးသားမှာ အပြုံးလေးတစ်ခု ဖန်တီးပေးတယ်။
တစ်ခါတစ်ရံတော့လဲ
အမှောင်လွှမ်းတဲ့ ညချမ်းတွေမှာ မင်းရယ်သံချိုလေးတွေက
ငါ့ဘ၀ညတွေကို စိုပြေစေတယ်။
ဒါတွေအားလုံးက
တစ်နေ့မှာ အိပ်မက်တစ်ခုအဆုံးသတ်သလို ပြီးခဲ့မယ်ဆိုရင်တောင်
(မင်းကိုယ်မင်း သိမှာတောင်မဟုတ်ဘဲ)
ငါ့ဘ၀ရဲ့ အမှောင်ဆုံးအချိန်တွေမှာ ရှိနေခဲ့တဲ့မင်းကို
အလင်းတစ်ခုလို ငါအမြဲသတိရနေမိမှာပါ။
တစ်ကယ်တော့ တဒင်္ဂဘဲဖြစ်ဖြစ်
အပြုံးလေးတစ်ခု ဖန်တီးမှုအတွက်
မင်း…….ကောင်းကင်ဘုံက
ငါ့အတွက်….ဆင်းသက်လာခဲ့တယ်ထင်တယ်ကွယ်။
Sunday, June 17, 2007
ကျေးဇူးတင်ပါတယ်
Posted by အိမ့်ချမ်းမြေ့ at 9:27 PM 0 comments
Labels: နွေဦးပန်း
Saturday, June 9, 2007
ရင်ကွဲသံစဉ်
သိက္ခာနဲ့ယုတ္ထိတွေကို ခ၀ါချလို့
ဒီတစ်ညမှာ ငါရင်ဖွင့်ပြီး ငိုပါရစေနော်
ငါမင်းကို သိပ်လွမ်းနေတယ်…
ညကမင်းပြန်လာတယ်လို့ အိပ်မက်တယ်သိလား
ငါရယ်မင်းရယ်ပေါ့လေ
ပန်းတွေဝေဆာနေတဲ့ တောအုပ်လေးတစ်ခုထဲက
သစ်လုံးအိမ်လေးထဲမှာပေါ့
ငှက်ကလေးသုံးကောင်က သစ်ပင်လေးပေါ်ကနေ
ငါတို့ကို ပြုံးပြီး ကြည့်နေကြတယ်…
ငါက မင်းကိုဖက်ထားလို့
မင်းက ငါ့ကိုမော့ပြီးကြည့်နေလို့
နှစ်ဦးသား အကြည့်ချင်းအဆုံမှာ
ရင်တွေခုန်လိုက်ရတာကွာ
မင်းရဲ့မျက်နှာလှလှလေးပေါ်မှာ ငါ့ရဲ့ အနမ်းလေးတွေ ခြွေချုလိုက်တိုင်း
ပန်းပွင့်လှလှလေးတစ်ပွင့်ပွင့်သွားခဲ့တယ်
မင်းသိလား
ညကလေ
မိုးကုပ်စက်ဝိုင်းထိ
ပန်းတွေပွင့်ခဲ့ကြတယ်ကွာ…
ဒီနေ့မနက်ငါနိုးထလာတော့
ငါ့ဘေးနားမှာ တတီတီနဲ့ မြည်နေတဲ့ နှိုးစက်တစ်လုံးက
ငါ့အိပ်မက်ကို လှောင်ရယ်နေတယ်…
ငါ့ဓာတ်ပုံထဲက ငါဖြစ်ခဲ့ဖူးတဲ့ငါက
မင်းရဲ့ စိတ်ဓာတ်အင်အားတွေ နည်းနေပြီလားလို့ ငါ့ကို စိုက်ကြည့်ပြီးမေးနေတယ်
မျက်စိကို ပြန်မှိတ်ပြီး ပက်လက်ပြန်လှဲလိုက်တယ်.
ဝင်သက်ထွက်သက်ကို မှန်အောင်ပြန်ကျင့်ပြီး
တည်ငြိမ်မှုကို ပြန်ရှာတွေ့သွားတဲ့အချိန်မှာတော့
ငါ့ရဲ့မျက်တောင်တံခါးတွေကို လှစ်ဟလိုက်တယ်.
မျက်နှာကြက်မှာ ဖန်မီးအိမ်တစ်လုံးက လေနဲ့အတူ ဝေ့၀ဲလို့
ငါ့ရင်ဘတ်ပေါ်မှာ လက်ကလေးနှစ်ဖက်ကို ယှက်ထားလို့
အို…
ငါဆုများတောင်းနေမိတာလား…
ငါဆုတောင်းဖို့ ရှက်တယ်ဆိုတာ မင်းလည်း သိပါတယ်
ဆုတောင်းတယ်ဆိုတာ တကယ်တော့
ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့
ကိုယ့်စိတ်ကိုယ် လမ်းတည့်ပေးလိုက်တာပဲလေ
ငါလိုချင်တာကို ငါ့နည်းငါ့ဟန်နဲ့ပဲ ယူချင်တယ်
ငါဆုမတောင်းဘူး
ငါ့စိတ်ကိုပဲ autosuggestion လုပ်တယ်.
ဒါပေမယ့်ဒီနေ့မနက်က ငါဆုတောင်းမိလိုက်တယ်ကွာ
ဘာလို့လဲမင်းသိလား
ငါ့မှာနည်းလမ်းတွေ ပျောက်ဆုံးနေလို့ပါ…
ငါ့ဖုန်းထဲမှာ မင်းထားခဲ့တဲ့ Voice Mail တွေကို အကြိမ်ကြိမ်နားထောင်လို့
ငါ့မေးလ်ဘောက်စ်ထဲမှာ မင်းပို့ခဲ့တဲ့ စာတစ်ချို့ကို အကြိမ်ကြိမ်ပြန်ဖတ်လို့
ငါ့နှလုံးသားထဲမှာ အကျအနထိုင်နေတဲ့ မင်းကိုအကြိမ်ကြိမ်ပြုံးပြလို့
ရင်ဘတ်ထဲက လှိုင်းတွေကို လမ်းလွှဲပေးလိုက်တယ်
အို….
ငါ့ရဲ့ မျက်တောင်တွေ စိုနေပါရော့လား…
သိက္ခာနဲ့ယုတ္ထိတွေကို ခ၀ါချလို့
ဒီတစ်ညမှာ ငါရင်ဖွင့်ပြီး ငိုပါရစေနော်
ငါမင်းကို သိပ်လွမ်းနေတယ်…
Posted by အိမ့်ချမ်းမြေ့ at 8:18 PM 1 comments
Labels: ရေခဲငှက်
လွမ်းည
ကြယ်တွေကြွေတဲ့ညမှာ
မင်းကိုတမ်းတမိတာ
ဗာဒံပင်အောက်မှာပေါ့ ။ . . .
အဝေးဆီက
ဆိတ်ဖလူးပန်းရနံ့တွေဟာ
လရောင်တန်းတွေကိုခိုစီးရင်း
အဖော်မစုံသူ ကိုယ့်ထံ
အလွမ်းတွေ လျှံစေခဲ့တယ်။ . . .
အဖော်ကွဲနေတဲ့ ငှက်ကလေးတစ်ကောင်
အိပ်တန်းတောင် မပျံနိုင်ရှာဘူး
နှင်းရည်စိုလက်
ဗာဒံရွက်တွေထဲ
မြတ်နိုးဖော်ကို ရှာနေတယ်ထင်ပါ့။
တစ်ခြမ်းပဲ့လမင်းလည်း
ငွေရောင်တွေကြဲပက်ဖို့
အိမ်ခေါင်မိုးထက်ကို ရောက်လာခဲ့ပြီလေ။ . . .
ဒီလိုညမျိုးမှာ
အိပ်စက်ခြင်းကို မေ့နေတဲ့ငါ
တွေးမိသမျှဟာ
မင်းအကြောင်းတွေချည်းပါပဲ။. . .
နည်ရဲဇော်
(၂၆.၁.၉၉)
Posted by အိမ့်ချမ်းမြေ့ at 1:41 PM 0 comments
Labels: dreamwalker
ဆုတောင်း
ဝေးကွာတော့မည်မှန်းသိလျှက်နှင့်
မမေ့ရက်နိုင်ခဲ့ပါ
အတွေ့ခက်မည်မှန်သိလျှက်နှင့်
တွေ့ မည့်ရက်ကိုတိုးတိတ်တမ်းတ
ရေတွက်ရ
ဝေးမည်သိလျှက်တွေ့ ခက်ကို
သိပါလျှက်နှင့်
တစ်နေ့တက်ရက် တစ်မနက်မျှ
မုန်းမေ့မရ စိတ်ဆန္ဒက
သိပ်တန်းတ
ဟိသစ္စံ
မှန်သောစကား သစ္စာအားကြောင့်
ဘုရားတပည့်တော်၏
ချစ်ရဆုံးသူ
သူ သူ သူသည်
အပူဟူ သမျှ မြူမျှမတွေ့
စိတ်ချမ်းမြေ့ ပါစေသား။ ။
http://kowainewspaper.blogspot.com
Posted by အိမ့်ချမ်းမြေ့ at 1:39 PM 0 comments
Labels: ကိုေ၀
Monday, June 4, 2007
ထို့ကြောင့်ဤအရာကို…
လောလောဆယ် ဖြစ်စေချင်တာပြောကြေးဆို..
ပလူတိုဂြိုလ်ကို ဂြိုလ်ကြီးကိုးလုံးထဲ ပြန်ထည့်စေချင်တယ်…
အလွမ်းခြွှေချလို့ ပန်းကြွေကျသတဲ့..
ချစ်ခြင်းမေတ္တာဟာ ပိရိစွာ ဖုံးအုပ်ထားတဲ့ ကလကာနောက်မှာ
မောဟိုက်စွာကတယ်…
ဘယ်တော့မှတည်ခင်းဧည့်ခံမှာ မဟုတ်တဲ့ မျက်ရည်တချို့ဟာ..
ရေခဲသေတ္တာထဲမှာ ၀မ်းနည်းစွာ အကျဉ်းချခံရတယ်…
သံစဉ်မပါတဲ့ အသံတွေကြောင့် ထကြွလို့..
တခါတခါများဆို နှလုံးသားက နွမ်းနွမ်းခခနဲ့ ထပြီးတောင်ကတယ်…
ဦးနှောက်အနားယူတဲ့အချိန်ဆို..
နှလုံးသားက ရွှင်ပြတယ်…
မြေမြုပ်ခံထားရတဲ့ အတောင်ပံတွေကလည်း
ရှင်ပြန်ထမြောက်ချင်နေသေးတယ်…
သြော်.. ခရေပင်ကြီးအောက် ခရေပန်းအကျစောင့်ရင်း
ဝုန်းဝုန်းဒိုင်းဒိုင်း ပြုတ်ကျလာတာ ငါပါလား..
အဲ့လိုနဲ့..
ခရေကပဲ ငါ့ကိုပြန်ကောက် သွားတော့တယ်…
မင်းလွတ်လပ်စွာ ပျံသန်းနိုင်ဘို့ဆို
ဟောဒီမှာ အတောင်ပံတစုံ ယူသုံးပါ..
ငါ့နှလုံးသားကို တစစီဖြုတ်ပြီး ယက်လုပ်ထားတယ်..
ကဲ.. ငါဟာဝလုံးမရေးတတ်လို့ ငှေးမှိုင်ကျန်ခဲ့တဲ့ ရွှေခဲကြက်တူရွေးပေါ့
ညီလေးခင်ရေ.. လှည့်ကြည့်မနေနဲ့.. စာကြည့်ပျက်တယ်…..
Posted by အိမ့်ချမ်းမြေ့ at 1:22 AM 0 comments
Labels: ကုိတက္စ္လာ
Friday, June 1, 2007
ကြယ်ကြွေည
သူသွားပြီ
ငါ့ရဲ့ရင်ခုန်သံတွေကို ယူပြီးတော့ပေါ့
ဘယ်တော့များမှ ပြန်လာမှာလဲဟင်
မကြင်နာလို့ နှင်လွှတ်တာမဟုတ်ပါဘူးချစ်သူရယ်
အစဉ်ထာဝရ စောင့်စားနေသူတစ်ယောက်ရဲ့
နှုတ်ဆက်သံမှာ အက်သံတွေပြည့်နေတာ
ကိုယ်တစ်ယောက်ပဲသိပါတယ်.
သွားတော့နော်…
ကိုယ်မင်းနဲ့ ပြန်ဆုံတွေ့ဖို့
ကြယ်ကြွေညတိုင်းဆုတောင်းနေမယ်
ဒီညကြယ်ကြွေမှာလားဟင်…
Posted by အိမ့်ချမ်းမြေ့ at 11:18 PM 2 comments
Labels: ရေခဲငှက်